မန်စီးတီးကို ဟာလန်းက ပြောင်းရွှေ့သွားခဲ့ပြီလို့ အတည်ပြုသတင်းတွေထွက်ပေါ်လာအပြီးမှာတော့ ဟာလန်းကို စိတ်ဝင်စားခဲ့ဖူးတဲ့ ဘာကာနည်းပြဇာဗီက သူတို့အသင်းမှာ ဒမ်ဘီလီရှိနေတာမို့ မလိုအပ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဟာလန်းကတော့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ရာသီမကုန်ခင်မှာပဲ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ သူ့ကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။
"စီးပွားရေးအခြေအနေရ ကျနော်တို့ ဟာလန်းကို ဘာစီလိုနာဆီ ခေါ်ယူဖို့က မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး၊ ဒါပေမယ့် အရာအားလုံးအကောင်းဆုံးဖြစ်ပါစေလို့ ကျနော် သူ့ကို ဆုတောင်းပေးပါတယ်၊ ဒမ်ဘီလီလား၊ သူက ကျနော်တို့အတွက် ကွဲပြားခြားနားတာတွေကို လုပ်ပေးနေပါတယ်၊ သူ့ သွင်းဂိုးတွေကို ပြောတာမဟုတ်ဘူးနော်" လို့ ဇာဗီက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ဘာကာမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး အသင်းကပါ ထွက်ခွာရလုနီးနီးဖြစ်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် ဇာဗီရောက်လာပြီးနောက်မှာတော့ သူ့ရဲ့ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတွေက တိုးတက်လာခဲ့ပြီး အခုဆိုရင် အသင်းအတွက် ဖန်တီးပေးမှုတွေကို အများဆုံးပြုလုပ်ထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ကာ အဓိကကစားသမားအဖြစ်နဲ့ပါ ကစားပေးနေရပြီဖြစ်ပါတယ်။