ဒီဆိုင်လေးက ဆယ်နှစ်ကျော်သက်တမ်းရှိပြီဖြစ်ပါတယ်။

မြောက်ဒဂုံ မြို့နယ် ၇/၈ လမ်းဆုံက ကြက်သားတုတ်ထိုးဆိုင်ကတော့  အစားချစ်သူတွေ၊ Food Blogger တွေ အမြဲညွှန်းလေ့ရှိကြတဲ့ ဆိုင်လေးဖြစ်ပါတယ်။သူတို့ညွှန်းကြသလိုပဲ ဒီဆိုင်လေးက ဈေးလည်း အရမ်းတန်သလို အရသာကလည်း လူတိုင်းအကြိုက်တွေ့စေတဲ့ ဆိုင်လေးတစ်ခု ဆိုရင် မမှားပါဘူး။



၇/၈ လမ်းဆုံကြက်သားတုတ်ထိုးဆိုင်လေးဖြစ်တည်ရာအစ

၇/၈ လမ်းဆုံကြက်သားတုတ်ထိုးဆိုင်လေးလို့ နာမည်တစ်ခုတွင်လာဖို့ လွယ်လွယ်ကူကူနဲ့ ဖြစ်လာခဲ့တာတော့မဟုတ်ပါဘူး။ ဆိုင်ရှင် ဇနီးမောင်နှံနှစ်ဦးဟာ ယခင်က သူများဆိုင်တွေမှာ အလုပ်သမားဘဝနဲ့ ဝင်လုပ်ခဲ့ကြီး အိမ်ထောင်စပြုချိန်မှာ ကိုယ်ပိုင်တပိုင်တနိုင်လုပ်ငန်းလေး အစပြုချင်တဲ့စိတ်နဲ့ ဒီကြက်သားတုတ်ထိုးဆိုင်လေးကို စဖွင့်ခဲ့တာဖြစ်ပါတယ်။

“ ဆိုင်လေးစဖွင့်တာက ၇/၈ လမ်းဆုံထိပ် လမ်းဘေးလေးမှာပဲ ခုံလေးသေးသေးလေး နှစ်ခုံ သုံးခုံချပြီး ရောင်းခဲ့တာပေါ့။ အစကတော့ အရင်းအနှီးလည်း ဘယ်လောက်မှမရှိခဲ့တော့ ၄ သောင်း၊ ၅ သောင်းလောက်နဲ့စရောင်းခဲ့တာပေါ့။ သူနဲ့ကိုယ်နဲ့ အိမ်ထောင်ပြုစမှာ ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ချင်တယ်ဆိုတာနဲ့ ဒီစီးပွားရေးလေးကို စတည်ခဲ့တာပါ” လို့ ကြက်သားတုတ်ထိုးဆိုင်ရှင် ဒေါ်အိအိသန့်က ဆိုပါတယ်။

အခက်အခဲများစွာကို အံတုရင်ဆိုင်ခဲ့တဲ့ ဇနီးမောင်နှံ

လမ်းဘေးမှာ စတင်ရောင်းခဲ့ရစဉ်က အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။   သူများ ဆိုင်ကြီးရှေ့တွေမှာပဲ အဆင်ပြေတဲ့နေရာလေးမှာ ချရောင်းခဲ့ရပြီး နာမည်တစ်ခုရလာဖို့အတွက် ဇနီးမောင်နှံနှစ်ဦး ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။

“လင်မယားနှစ်ယောက် ဒီလိုဖြစ်လာဖို့ အများကြီးရုန်းကန်ခဲ့ရတယ်။  ဘာမှ အထောက်အကူလည်းမရှိဘူး။ မိသားစု အထောက်အပံ့လည်းမရှိဘူး။ ဒီလို ဘဝထဲမှာ နှစ်ယောက်ထဲ ရုန်းကန်ခဲ့ရတာတော့ ပြောပြလို့ မတတ်အောင်များခဲ့တယ်။ လူတိုင်းကို စေတနာလေးထားပြီး နေရာတိုင်းမှာ သည်းခံခဲ့ရတယ်။” လို့ ဒေါ်အိအိသန့် ဆိုပါတယ်။

အရသာကောင်းမွန်အောင် စားသုံးသူတွေအကြိုက်တွေ့အောင် ကြိုးစားခဲ့

ဒီကြက်သားတုတ်ထိုးဆိုင်လေးရဲ့ ထူးခြားချက်က ကြက်သားနဲ့ပတ်သက်ပြီး ခေါင်းအစ ခြေအဆုံးရတဲ့ဆိုင်လေးဖြစ်ပါတယ်။ ကြက်အူ၊ ကြက်သဲကြက်မြစ်၊ ကြက်ခြေထောက်၊ ကြက်ခေါင်း၊ အသား စတဲ့ ကြက်သားနဲ့ပတ်သက်ပြီး အစုံရတဲ့အပြင် အရသာကလည်း ကြက်သားရဲ့ သဘာဝအရသာအတိုင်းကို ပေါင်းထားတာကြောင့် စားလိုက်ရင် နူးနူးညံ့ညံ့လေးနဲ့ ဖြစ်စေတာပါ။ ဒါ့အပြင် ကုလားအော်သီးကို အသုံးပြုထားတဲ့ ငရုတ်ဆီအချဉ်ရည်ကလည်း ထိမိတဲ့ ချဉ်ငံစပ်အရသာလေးနဲ့ ကြက်သားတုတ်ထိုးနဲ့ တွဲဖက်စားသုံးရတာကိုက စားသုံးသူတိုင်း အကြိုက်တွေ့စေတာပါ။

“ အရသာက သကြားကို အဓိက သုံးတယ်။ ဂျင်း ၊ ပဲငံပြာရည်နဲ့  အချိုမှုန့်နည်းနည်းထည့်သုံးတယ်။ ပြီးတော့ ကြက်သားကို ပြန်ပေါင်းသလို လုပ်လိုက်တာ၊ ကြက်သားရဲ့ သဘာဝအရသာအတိုင်းပါပဲ။ နောက်ပြီး စားစရာတွေကို ကိုယ်စားနေသလိုပဲ သန့်သန့်ရှင်းရှင်းဖြစ်အောင် သူများစားချင်စိတ်ဖြစ်အောင် စေတနာအပြည့်လေးနဲ့လုပ်ပါတယ်။ ” လို့ ဆိုပါတယ်။


တစ်ချောင်း ၅၀ ကျပ်နဲ့ ဈေးတန်တဲ့ဆိုင်လေး

ဒီဆိုင်ရဲ့ နောက်ထပ်ထူးခြားတစ်ခုက ‌ဈေးနှုန်းချိုသာတာကြောင့်လည်း ဖြစ်ပါတယ်။ ဆိုင်ဖွင့်သက်တမ်း ၁၂ နှစ်ကျော်မှာ ဆယ်နှစ်လောက်အထိ ၁၀၀ ဖိုး ၃ ချောင်းနဲ့သာရောင်းခဲ့ပြီး အခုတော့ တစ်ချောင်း ၅၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ကြာဇံကြော်နဲ့ ခေါက်ဆွဲကြော်သုပ်လည်း ရနိုင်ပြီးတစ်ပွဲကို ၈၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ စေတနာကောင်းမွန်မှုနဲ့ လက်ရာကောင်းမွန်မှုတွေကြောင့် ဆိုင်စဖွင့်တာနဲ့ လက်မလည်အောင်ရောင်းရတဲ့ဆိုင်လေးဖြစ်ပါတယ်။

“ စားသုံးသူတွေအကုန်လုံးကို မိသားစုလို ဆက်ဆံတယ်။ အရင်တည်းက လေးငါးဆယ်နှစ်အားပေးခဲ့တဲ့သူတွေက ခုချိန်ထိ အားပေးနေတုန်းပါပဲ။ ကိုယ်လုပ်တဲ့အရသာလေးကိုလည်း တော်တော်ကြိုက်ကြတယ်။ သူတို့ကအချဉ်ရည်ကို ကုလားအော်သီးနဲ့‌ဖျော်တာ သဘောအကျဆုံးပဲ။ အရသာကိုလည်း ဘယ်လောက်ဈေးတက်တက် ကိုယ်လုပ်နေကျအတိုင်းလုပ်တယ်” လို့ ဒေါ်အိအိသန့်က ဆိုပါတယ်။

တစ်နေ့ကို ငါးသိန်းဖိုးလောက်ရောင်းရတဲ့ဆိုင်လေး

နာမည်ကြီးတဲ့ဆိုင်လေးဖြစ်တာကြောင့် တစ်နေ့ကို ငါးသိန်းဖိုးလောက်ရောင်းရပြီး တစ်နေ့ကို ကြက်သားအချိန် ၄၀ လောက် ကုန်အောင်‌ ရောင်းရတယ်လို့ ဆိုပါတယ်။ ဆိုင်ဖွင့်ချိန် နေ့လယ် ၁ နာရီခွဲကနေ ည ၈ နာရီအထိ ဖွင့်လှစ်ပြီး  မြောက်ဒဂုံမြို့နယ်  ၇/၈ လမ်းဆုံ ကြက်သားတုတ်ထိုးဆိုင်လို့ ပြောလိုက်ရင် လူတိုင်းသိကြတဲ့ဆိုင်လေးကို မစားဖူးတဲ့သူတွေအနေနဲ့ တစ်ခါလောက်တော့ မြည်းစမ်းကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။ 

Share

Loading Next Article...
က္က