ကန်ဆက်ပြည်နယ် ဆေးရုံတစ်ရုံရဲ့ဆာဗာတွေကို ထိန်းချုပ်ပြီး ခြိမ်းခြောက်ငွေညှစ်သွားတဲ့ ဟက်ကာတွေဆီကနေ အမေရိကန်တရားရေးဌာနဟာ ဒေါ်လာသန်းတစ်ဝက်ခန့် ပြန်သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားဟက်ကာတွေလက်ချက်လို့ ယူဆရတဲ့ Maui လို့ ခေါ်တဲ့ Ransomware တိုက်ခိုက်မှုဟာ ကန်ဆက်ပြည်နယ်ဆေးရုံကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ပြီး ငွေညှစ်ခဲ့တာပါ။ အမေရိကန်တရားရေးဌာန DOJ ဟာ ဒီ Ransomware တိုက်ခိုက်မှုကို လုပ်ခဲ့တဲ့ ဟက်ကာတွေလက်ထဲကနေ ရှားရှားပါးပါး ပြန်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အာဏာပိုင်တွေရဲ့ အဆိုအရ ဆေးရုံအုပ်စုနှစ်ခုကနေ ဒေါ်လာ ၅ သိန်းတန် Bitcoin ခြိမ်းခြောက်ငွေညှစ်မှုတွေကို ပြန်ရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ကန်ဆက်ဆေးရုံရဲ့ Ransomware တိုက်ခိုက်မှုအကြောင်း FBI ကို စောစောစီးစီး အသိပေးမှုကို လက်ထောက်ရှေ့နေချုပ် လီဆာအို မိုနာကိုကချီးကျူးထားပါတယ်။ "ဒါက သူတို့ရဲ့ ပြန်ပေးဆွဲငွေတွေ ပြန်ရအောင် ယူနိုင်ခဲ့သလို အရင်က အမည်မသိရတဲ့ တိုက်ခိုက်ခံရသူတွေ ပေးထားတဲ့ ပြန်ပေးဆွဲငွေတွေပါ ရယူနိုင်စေခဲ့ပါတယ်။ ဒါတင် မဟုတ်ပါဘူး။ ဒီအရင်က ဖော်ပြမထားတဲ့ Ransomware ကိစ္စတွေပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်။" လို့ သူမက ဆိုပါတယ်။
တရားရုံးမှတ်တမ်းတွေအရ ဟက်ကာတွေဟာ ၂၀၂၁ မေလက ကန်ဆက်ပြည်နယ် ဆေးရုံဌာနရဲ့ ဖိုင်နဲ့ ဆာဗာတွေကို ထိန်းချုပ် Encrypt လုပ်ခဲ့ပြီး ကွန်ပျူတာစနစ်တွေ ပြန်ဖွင့်စေချင်ရင် သူတို့တောင်းထားတဲ့ ငွေပေးဖို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ကန်ဆက်ဆေးရုံဟာ Ransomware တိုက်ခိုက်မှုကြောင့် ဆေးရုံကွန်ပျူတာစနစ်ထဲ တစ်ပတ်ကြာ ဝင်ရောက်လို့ မရဖြစ်ခဲ့ပြီးနောက် ကွန်ပျူတာနဲ့ စက်ပစ္စည်းတွေ ပြန်အသုံးပြုနိုင်စေဖို့ ဟက်ကာတွေကို ဒေါ်လာ ၁ သိန်း ဝန်းကျင်တန် Bitcoin တွေ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
FBI ကို Ransomware တိုက်ခိုက်မှုအကြောင်း တိုင်ကြားပြီးနောက် အာဏာပိုင်တွေဟာ ကော်လိုရာဒိုဆေးရ့ုတစ်ရုံဆီက နောက်ထပ် Ransomware ပြန်ပေးငွေ ဒေါ်လာ ၁၂၀၀၀၀ ကို ခြေရာခံမှု လုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မေလထဲမှာ တခြား နာမည်ဖော်ပြမထားတဲ့ ငွေပေးချေမှုကလည်း ဒေါ်လာ ၂၈၀၀၀၀ အထိ ရှိခဲ့တာကြောင့် စုစုပေါင်း Ransomware ပြန်ပေးငွေ ဒေါ်လာသန်း ၁ တစ်ဝက်ခန့် ရှိခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဘက်က Ransomware တိုက်ခိုက်ခံရမှုအတွက် ဟက်ကာတွေကို ပြန်ပေးဆွဲငွေ မပေးဖို့ တိုက်တွန်းထားပေမယ့် ပုံမှန်အားဖြင့်တော့ Ransomware တိုက်ခိုက်ခံရသူတွေဟာ ကွန်ပျူတာနဲ့ အချက်အလက်တွေ ပြန်ရယူနိုင်ဖို့ ပြန်ပေးဆွဲငွေပေးတဲ့နည်းနဲ့ပဲ ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ အမေရိကန်ဆေးရုံတွေကို Ransomware တိုက်ခိုက်မှုတွေဟာ မြောက်ကိုရီးယားဟက်ကာတွေနဲ့ ဆက်သွယ်မှုရှိနေတယ်လို့ အမေရိကန်ဆိုက်ဘာအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။