ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာ့စွမ်းအားအကြီးဆုံးလက်နက်လို့ ညွှန်းဆိုခဲ့ပါတယ်

မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်သို့ ယနေ့ (အောက်တိုဘာ ၁၉ ရက်) ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

(Photo: KCNA via Reuters)

နောက်ပိုင်းမှာ မြောက်ကိုရီးယားကလည်း ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်အမျိုးအစားသစ်ကို ပစ်လွှတ်ခဲ့ကြောင်း အတည်ပြုပါတယ်။ မြောက်ကိုရီးယား ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာ့စွမ်းအားအကြီးဆုံးလက်နက်လို့ ညွှန်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ အလားတူ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီးနောက် သီတင်းများအကြာမှာ မြောက်ကိုရီးယားကလည်း ဒုံးကျည်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။



လတ်တလော သီတင်းပတ်များအတွင်း မြောက်ကိုရီးယားက အသံထက်မြန်တဲ့ ဒုံးကျည်လို့ ပြောဆိုထားတဲ့ ဒုံးကျည်နဲ့ တာဝေးဒုံးကျည်များ အပါအဝင် လက်နက်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။ ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက်များ စမ်းသပ်မှုမလုပ်ရန် တားမြစ်ပိတ်ပင်ထားခဲ့ပေမဲ့ စမ်းသပ်မှုတွေ မကြာခဏ လုပ်ဆောင်နေပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေဟာ ပိုမိုစွမ်အားကြီးတဲ့ ပေါက်ကွဲအားရှိပြီး ပိုမိုဝေးကွာတဲ့နေရာသို့ ရောက်ရှိနိုင်သလို ပိုမိုလျင်မြန်တာကြောင့် ခရုဇ်ဒုံးကျည်တွေထက် ခြိမ်းခြောက်မှုပိုကြီးမားကြောင်း ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ တောင်ကိုရီးယား Joint Chiefs of Staff က ယနေ့ထုတ်ပြန်မှုအရ မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းရှိ ၎င်းရဲ့ရေငုပ်သင်္ဘောများ ဆိုက်ကပ်ရပ်နားထားလေ့ရှိတဲ့ Sinpo ဆိပ်ကမ်းကနေ ဒုံးကျည်ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ဟာ ဂျပန်ပင်လယ်ပြင် (Sea of Japan) လို့ သိထားကြတဲ့ အရှေ့ပင်လယ် (East Sea) ထဲကို ကျရောက်ခဲ့ပါတယ်။ တောင်ကိုရီးယားမီဒီယာက သတင်းဖော်ပြခဲ့ရာမှာ မြောက်ကိုရီးယားက ယနေ့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားဟာ အမြင့်ဆုံး ၃၇ မိုင်အထိဖြင့် မိုင် ၂၈၀ အကွာအ‌‌ဝေးသို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက ယခု ဒုံးကျည်ကို ရေငုပ်သင်္ဘောတစ်စီးကနေ သို့မဟုတ် ရေအောက်ပစ်လွှတ်နေရာတစ်ခုကနေ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယုကီရှီဒါက မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်းနဲ့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားက ဂျပန်ကမ်းလွန်သို့ ဒုံးကျည်ပစ်လွတ်မှုဟာ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ထောက်လှမ်းရေးအကြီးအကဲများ ဆိုးလ်မြို့မှာ တွေ့ဆုံကြပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးကြတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ကြောင်း သိရပါတယ်။

Ref: Reuters, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က