ဒီဆိုင်ကနို့မလိုင်နဲ့အိန္ဒိယမုန့်အချိုတွေကအချိုမကဲဘဲစားကောင်းပါတယ်။

မြေအိုးနဲ့လုပ်ရောင်းတဲ့ အိုးလေးဒိန်ချဥ်ရဲ့အရသာကိုပြန်တမ်းတကြမယ်ထင်ပါတယ်။အခုလို ပလက်စတစ်ခွက်တွေနဲ့တစ်ခါသုံးခွက်တွေအသုံးမများသေးတဲ့အချိန်တုန်းကဒိန်ချဥ်ဆိုရင် မြေအိုးနဲ့ပဲထည့်ပြီးရောင်းခဲ့ကြတာပါ။ဒီလိုအရသာကို ပြန်တမ်းတနေတဲ့သူတွေအတွက် မြေအိုးနဲ့လုပ်ရောင်းတဲ့ ဒိန်ချဥ်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



မြေအိုးနံ့သင်းသင်းလေးနဲ့ဒိန်ချဥ်

‌မြေအိုးလေးနဲ့ရောင်းတဲ့ချိုတေးနို့မလိုင်ဒိန်ချဥ်ပါ။ဒိန်ချဥ်သားခဲခဲတုန်တုန်လေးကိုမလိုင်ပျစ်ပျစ်ဆိမ့်ဆိမ့်လေးနဲ့သောက်ရမှာပါ။အိုးလေးဒိန်ချဥ်ရဲ့အရသာကို ပြန်လည်ဖော်ထုတ်ချင်တဲ့ စိတ်ကူးကနေ အခုလိုရောင်းဖြစ်ခဲ့တာလို့သိရပါတယ်။

“ဒိန်ချဥ်စရောင်းမယ်လို့စိတ်ကူးတော့ ရောင်းနေကျပုံစံအတိုင်းမရောင်းချင်ဘူး ကိုယ်တွေ အရင်ကသောက်ဖူးတဲ့ အိုးလေးဒိန်ချဥ်အရသာအတိုင်းလေးရောင်းမယ်ဆိုပြီး မြေအိုးနဲ့ထည့် ရောင်းတာပါ။မြေအိုးနဲ့ထည့်တဲ့ဒိန်ချဥ်သားကပိုပြီးခဲခဲတုန်တုန်လေးဖြစ်တယ်။သောက်လိုက် ရင်လည်း မြေအိုးနံ့သင်းသင်းလေးနဲ့သောက်လို့ကောင်းတယ်”လို့ဆိုင်ရှင် မပန်းအိဖြူက ပြောပါတယ်။

အိုးလေးနဲ့မို့ပိုရောင်းရတယ်

ဒီလိုအိုးလေးနဲ့ရောင်းတာကြောင့် တံဆိပ်အသစ်ဖြစ်ပေမယ့်လည်း စားသုံးသူတွေက စိတ်၀င်စားကြပြီး ၀ယ်စားကြတယ်လို့ မပန်းအိဖြူကပြောပါတယ်။စိတ်၀င်စားလို့ မှာစားကြတဲ့သူတွေက ဖောက်သည်ဖြစ်လာပြီး ရောင်းအားလည်းတိုးလာတယ်လို့ ဆိုပါတယ်။

“မြေအိုးလေးနဲ့ရောင်းတာကြောင့်လည်း စားသုံးသူပိုသိသွားတယ်လို့ပြောလို့ရတယ်။ တစ်ချို့ကမြေအိုးနဲ့ရောင်းတာမို့ စိတ်၀င်စားပြီးမှာကြရင်းကနေ အရသာကိုကြိုက်သွား ပြီးဆက်မှာကြတယ်။တခြားပုံစံနဲ့ရောင်းမယ်ဆို အခုလောက်စားသုံးသူမြန်မြန်သိမှာ မဟုတ်ဘူးလို့”မပန်းအိဖြူကပြောပါတယ်။

တနိုင်တပိုင်ကနေ မိသားစုစီးပွားရေး

ဒီဒိန်ချဥ်ဆိုင်လေးက အွန်လိုင်းကနေ တနိုင်တပိုင်ရောင်းချတဲ့ဆိုင်လေးအဖြစ်စခဲ့တာကနေ စားသုံးသူတွေလက်ခံပြီး ရောင်းအားတိုးလာတာဖြစ်ပါတယ်။မိသားစုအပို၀င်ငွေရဖို့အတွက် ကလေးတစ်ဖက်နဲ့စခဲ့တဲ့ အိမ်ရှင်မတစ်ဦးရဲ့အိမ်တွင်းမှုလုပ်ငန်းလည်းဖြစ်ပါတယ်။

“ကလေးနှစ်ယောက်နဲ့ဆိုတော့ အပြင်အလုပ်လည်းလုပ်လို့မရတော့ အိမ်စရိတ်ရအောင် အိမ်မှာလုပ်လို့ရတဲ့အလုပ်လေးပဲလုပ်မယ်ဆိုပြီးလုပ်ဖြစ်တာ။ကိုယ်နိုင်သလောက်လေး လုပ်ပြီး အွန်လိုင်းကနေ ကြော်ငြာပြီးရောင်းတာ။အခုတော့ အိမ်စရိတ်ရော မိသားစုအသုံး စရိတ်ရော ဒီအလုပ်လေးနဲ့ထိန်းထားနိုင်တယ်”လို့ မပန်းအိဖြူကပြောပါတယ်။

တစ်ပိဿာမှသည်ဆယ်ပိဿာ

တစ်ရက်တစ်ပိဿာလောက်ကုန်အောင်ရောင်းခဲ့ရတဲ့ရက်တွေကနေ အခုချိန်မှာတော့ ဆယ်ပိဿာလောက်ကုန်တဲ့အထိရောင်းအားကောင်းလာပြီးအော်ဒါတွေလည်း နေ့တိုင်းလက်မလည်အောင်လုပ်ရလို့ သူ့လုပ်ငန်းလေးရဲ့ အောင်မြင်မှုကို ၀မ်းသာပီတိဖြစ်ရတယ်လို့လည်း မပန်းအိဖြူကပြောပါတယ်။

အချိုမကဲတဲ့အိန္ဒိယမုန့်အချိုတွေလည်းရ

ချိုတေးမှာတော့ အိုးလေးဒိန်ချဥ်အပြင် နို့မလိုင်၊နို့စိမ်နဲ့ အိန္ဒိယမုန့်အချိုတွေလည်းရပါတယ်။ မုန့်ချိုဆိုပေမယ့်လည်းအချိုမများဘဲနို့အရသာဆိမ့်ဆိမ့်လေးနဲ့စားကောင်းပါတယ်။လဒူးလို့ခေါ်တဲ့အိန္ဒိယမုန့်အချိုဆိုရင်သီဟိုဠ်စေ့များနဲ့ဆိမ့်ဆိမ့်လေးလုပ်ထားလို့တစ်လုံးစားပြီးရင် နောက်တစ်လုံးထပ်စားချင်ပါတယ်။

စျေးနှုန်းနဲ့လိပ်စာ

စျေးနှူန်းတွေကတော့ မလိုင်ပြည့်အိုးလေးဒိန်ချဥ်တစ်အိုးကို(၄၀၀၀)ကျပ်၊ အိန္ဒိယမုန့်ချို လဒူးတစ်ဘူး(၇၀၀၀)ကျပ်၊ နို့မလိုင်နိ့စိမ်တစ်ဘူး(၁၅၀၀၀)ပါ။လိပ်စာကတော့သမိုင်းလမ်းဆုံအနီးအောင်ဓမ္မရိပ်သာပါ။ချိုတေးနို့မလိုင်FacebookPagကနေလည်းဆက်သွယ်မှာယူလို့ရပါတယ်။သမိုင်းအနီးတစ်ဝိုက်ဆိုရင်တော့FoodPanda,GrabFoodတို့ကနေမှာယူလို့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က