ညစျေးရဲ့နာမည်ကြီးမြိတ်မုန့်ဆိုင်ကလေးဖြစ်ပါတယ်။

အစားချစ်သူတွေအတွက် မြိတ်မြို့ရဲ့နာမည်ကျော်ဒေသစာလေးတွေကို တစ်နေရာထဲမှာရနိုင်တဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 




ညစျေးရဲ့နာမည်ကြီးမြိတ်မုန့်ဆိုင်


မြိတ်သူကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ကြည့်မြင်တိုင်ညစျေးထဲက မငယ်မြိတ်မုန့်ဆိုင်လေးပါ။ဆိုင်သက်တမ်း ၁၀နှစ်နီးပါးကြာမြင့်ပြီဖြစ်တဲ့ဒီဆိုင်လေးကတော့ မြိတ်အစားအစာကြိုက်သူတိုင်း ညစျေးရောက်တဲ့အခါ မှတ်မှတ်ရရ၀င်စားကြတဲ့ဆိုင်လေးပါ။မုန့်လုပ်ရတာကိုဝါသနာပါတဲ့ မငယ်တစ်ယောက် ရန်ကုန်ရောက်လာတဲ့ အခါဒေသစာလေးတွေကိုလွမ်းတဲ့စိတ်နဲ့အိမ်မှာကိုယ်တိုင်လုပ်စားဖြစ်တာကနေ ကြည့်မြင်တိုင်ညစျေးထဲမှာ ဒေသမုန့်ဆိုင်လေး ဖွင့်လှစ်ဖြစ်ခဲ့တာလို့သိရပါတယ်။


“အစ်မကအိမ်ထောင်ကျပြီး ရန်ကုန်ကိုပြောင်းလာတာ။ရန်ကုန်မှာက မြိတ်မုန့်တွေအလွယ်ဝယ်စားလို့မရတော့ မြိတ်ကအစားအသောက်လေးတွေစားချင်တဲ့အခါကိုယ်တိုင်လုပ်စားဖြစ်တာ အရင်ကတည်းကလည်း မုန့်လုပ်ရတာဝါသနာပါတဲ့သူဆိုတော့ တစ်ခါလုပ်လိုက် လိုတာလေးပြင်လိုက်နဲ့ ကိုယ့်လက်ရာလေးကတိုးတတ်လာတာပေါ့။ အစကတော့ အိမ်မှာပဲလုပ်စားတာ ကလေးတွေရလာတဲ့အချိန်ကြမှ အလုပ်တစ်ခုခုလုပ်မယ်စဥ်းစားတော့ ကိုယ်ဝါသနာနဲ့လည်းကိုက်တဲ့ ဒီအလုပ်ကိုပဲလုပ်ဖြစ်သွားတာ”လို့ မြိတ်မုန့်ဆိုင်လေးရဲ့ ပိုင်ရှင်မငယ်ကပြောပါတယ်။


ပုံမှန်၀င်ငွေရှာဖွေပေးနိုင်တဲ့မုန့်ဆိုင်လေး


တနိုင်တပိုင်လုပ်ငန်းလေးအဖြစ်စခဲ့တဲ့မုန့်ဆိုင်လေးကနေ နေ့စဉ်ပုံမှန်၀င်ငွရှာဖွေပေးတဲ့ လုပ်ငန်းလေးဖြစ်နေပါပြီ။မုန့်သုံးမျိုးလောက်နဲ့စရောင်းခဲ့တဲ့မုန့်ဆိုင်လေးဟာ အခုတော့မုန့်အမယ်လေးတွေစုံလာပြီး ဒေသထွက်ကုန်လေးတွေပါရောင်းချတာကိုတွေ့ရပါတယ်။ပုံမှန်ရက်တွေမှာ တစ်ရက်ကိုကျပ်နှစ်သိန်းဖိုးလောက် ရောင်းရပြီး ပိတ်ရက်တွေဆိုရင်တော့ ကျပ်သုံးသိန်းဖိုးလောက်ရောင်းရတဲ့ဆိုင်လေးပါ။



“အစ်မစရောင်းတုန်းက အချိုပွဲမုန့်လေးတွေနဲ့စတာ အဲ့တုန်းကတစ်ပွဲကို၃၀၀နဲ့ရောင်းတာ တစ်ရက်ကို သုံးသောင်းဖိုးလောက်ရောင်းရတယ်။နောက်ပိုင်းရောင်းအားလေးလည်း တတ်လာပြီး အချိုပွဲမုန့်တွေအပြင် မြိတ်ကော်ပြန့်လိုအမယ်လေးတွေထပ်တိုးလာတာ။အခုနောက်ပိုင်းအရောင်းပါးပေမယ့်လည်း ကိုယ့်ဖောက်သည်လေးနဲ့ကိုယ်ဆိုတော့ အဆင်ပြေပါတယ်။”လို့ မငယ်ကပြောပါတယ်။



အရသာမပြောင်းလဲစားကောင်းနေဆဲ


ဆိုင်သက်တမ်းကြာပေမယ့်လည်း လက်ရာပြောင်းလဲမှုမရှိဘဲ မငယ်ဆိုင်ကမုန့်လေးတွေကစားကောင်းဆဲဖြစ်ပါတယ်။အဓိကကျတဲ့ပါ၀င်ပစ္စည်းတွေရဲ့ အရည်အသွေးကိုဂရုစိုက်သလို မုန့်အကျန်မရောင်းဘဲ တစ်နေ့စာတစ်နေ့ သာကုန်သလောက်ကိုယ်တိုင်လုပ်ရောင်းတာမို့ မုန့်လေးတွေကလတ်ဆက်ပြီး စားကောင်းတာပါလို့လည်း မငယ်ကပြောပါတယ်။


“အမတို့မြိတ်မုန့်တွေက အုန်းနို့သုံးတာများတယ်။မွှေးပြီးစိမ့်နေတဲ့အရသာဖြစ်ဖို့ ရယ်ဒီမိတ်အုန်းနို့ဘူးတွေ မသုံးဘူး။အုန်းသီးလတ်လတ်ဆတ်ဆတ်ကို အခုညှစ်အခုသုံးရတာ အဲတော့အုန်းနို့ညှစ်တဲ့နေရာကနေစပြီး သေချာဂရုစိုက်တယ်။သာခွေယိုင်ဆို အချိုအတွက်က မြိတ်ကလာတင်လဲရည်(ဓနိရည်အချို)ကိုသုံးမှ အစ်မတို့မြိတ်အရသာထွက်ပြီး စားကောင်းတာ။အစ်မကမုန့်အကျန်လဲမရောင်းဘူး စောတာနဲ့နောက်ကျတာပဲ ကွာတယ်။ နေ့တိုင်းမုန့်ကရောင်းလို့ကုန်တယ်”လို့ မငယ်ကပြောပါတယ်။



ချိုချဥ်ငံစပ်အရသာအစုံနဲ့မုန့်မျိုးစုံ


ဒီဆိုင်လေးမှာမြိတ်ဒေသစာလေးတွေကို အရသာရှိရှိစားသုံးနိုင်မှာဖြစ်ပါတယ်။ စိမ်းစားဥကြော်၊ကြက်ဥကြော်နဲ့ အရွက်စုံထည့်ပြီးလိပ်ထားတဲ့ မြိတ်ကော်ပြန့်စိမ်းကတော့ ရန်ကုန်မှာစားနေကကျအရသာတွေနဲ့မတူဘဲ တမူထူးခြား တဲ့အရသာနဲ့စားကောင်းလှပါတယ်။အုန်းနို့ကိုအဓိကသုံးပြီးလုပ်ထားတဲ့ မြိတ်ရိုးရာအချိုပွဲမုန့်လေးတွေ ဖြစ်တဲ့ သာခွေယိုင်၊ငှက်ပျောပေါင်း၊မျော့ချောင်းသာကူကန်စွမ်းဥ၊ဂျုံယိုတို့ကလည်း အုန်းနို့နံမွှေးပြီးချိုစိမ့်စိမ့်နဲ့ စားကောင်းလှပါတယ်။ဒါ့အပြင် မြိတ်မှာစားသလို မုန့်ဖက်နဲ့တွဲစားရတဲ့ မုန့်ဖက်သနပ်စုံသုပ်ကိုလည်း ဒီဆိုင်လေးမှာရနိုင်ပါတယ်။


ဆိုင်လမ်းညွှန်လေးက


မငယ်မြိတ်မုန့်ဆိုင်မှာရောင်းချတဲ့ မုန့်လေးတွေရဲ့စျေးနှုန်းကတော့ မုန့်အမျိုးအစားလိုက် ၁၅၀၀ကျပ်၊၂၀၀၀ကျပ် ဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၂နာရီခွဲကနေ ည၇နာရီဝန်းကျင်ထိဖြစ်ပြီး ဆိုင်နေရာလေးကတော့ ကြည့်မြင်တိုင်ညစျေးမုန့်တန်းမှာပါ။ကြည့်မြင်တိုင်ညစျေးရောက်ရင် ၀င်စားကြည့်သင့်တဲ့ ဆိုင်ကောင်းလေး တစ်ဆိုင်မို့ Duwunပရိတ်သတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က