ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ ၁၄ က နေအိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့လို့ နေအိမ်ထဲမှာရှိနေတဲ့ အမျိုးသမီးနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၊နေ့လည် ၂ နာရီကျော်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ကာ၊ မီးလောင်မှုမှာသေဆုံးသူတွေက အသက် ၇၀ နှစ်အရွယ်နဲ့ အသက် ၅၀ အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပြီး သားအမိတွေဖြစ်လို့ သိရပါတယ်။
ဓာတ်ပုံ - MFD
" သူတို့က ကျန်းမာရေးလည်းသိပ်မကောင်းဘူးလို့ သိရတယ်။ မီးလောင်တော့ မပြေးမလွှားနိုင်ပဲပါသွားတာ ဖြစ်နိုင်တယ်။ အိမ်ကလည်း တစ်အိမ်လုံးကို လောင်သွားတာ၊ဘာမှကိုရစရာမရှိဘူး။ မီးလောင်တဲ့အချိန်ကသိပ်မကြာဘူး။ မီးအားကတအားကြီးတော့ခဏလေးကိုဖြစ်ပျက်သွားတာ " လို့ မြစ်ကြီးနားဒေသခံတစ်ဦးကပြောပါတယ်။
ဓာတ်ပုံ - MFD
မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး (၂)ဦး ကိုမြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဆိုပါမီးလောင်မှုကို ကချင်ပြည်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီ ၂၂ မိနစ်မှာမီးငြှိမ်းနိုင်တယ်လို့သိရပါတယ်။