ကျပ်သိန်း (၂၀)ကျော် ဆုံးရှုံးခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၆)ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိနှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်

နေအိမ်အပေါ်ထပ်မှာ ဆေးလိပ်သောက်ပြီး မီးမငြိမ်းဘဲ ထားခဲ့ရာကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး ကျပ်သိန်းတန်ဖိုး (၂၀)ကျော် ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

“ အိမ်က နှစ်ထပ်အိမ် ၊ အပေါ်ထပ်ပဲလောင်တာ အောက်ထပ်ကတော့မီးမကူးဘူး။ ဆေးလိပ်သောက်ပြီးတော့ ဆေးလိပ်ကိုထားခဲ့ရာကနေ လောင်တာ၊ နေအိမ်ရှိ လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း (၂၀)ကျော်ရှိတယ်။ အိမ်အပေါ်ထပ်မှာ ထားတဲ့ ပစ္စည်းတွေပါသွားတာပေါ့” လို့ ကချင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwunကိုပြောပါတယ်။

အဆိုပါ မီးလောင်မှုက ဒီကနေ့ မနက် (၁၀:၃၀)နာရီက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး (၁၀:၄၃)မိနစ်အချိန်မှာ မီးငြိမ်းကာ အချိန်(၁၀)မိနစ်ကျော် မီးငြိမ်းသတ်ခဲ့ရပါတယ်။ 

မီးလောင်မှုကိုတော့ ကချင်ပြည်နယ် မီးသတ်ဦးစီးရုံးမှ မီးသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၂)စီးနဲ့ကျွန်းပင်သာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးတို့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ မီးငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အိမ်ရှင်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


Share

က္က