ဂွါဒီယိုလာကတော့ သူ့ရဲ့ထုံးစံအတိုင်းပါပဲ။ မာရက်ဇ်၊ ဂရီလစ်ရှ်၊ ဝေါ်လ်ကာ၊ ရူဘင်ဒီယက်စ်တို့ကို ဝယ်ထားတဲ့ ဖန်တက်စီမန်နေဂျာတွေကတော့ တင်းမှာပေါ့။ ပြီးတော့ မန်စီးတီးကို ယုံကြည်ခဲ့သူတွေ။ ဒါပေမယ့် ဒါတွေက ဂွါဒီယိုလာရဲ့အလုပ်မဟုတ်ဘူး။
သူ့အလုပ်က အသင်းကို သူလိုချင်တဲ့အတိုင်း ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ပဲ။ သူ ဒါမျိုးလုပ်နေကျဖြစ်တယ်၊ တစ်ရာသီအတွင်းမှာကို အကြိမ်ပေါင်းများစွာ သူလုပ်ခဲ့ဖူးတယ်။ ဘန်လေက ဂိုးတစ်ဂိုးရဖို့တောင် အသည်းအသန် ကစားရလေ့ရှိတဲ့အသင်းတစ်သင်း။
မန်စီးတီးလိုအသင်းမျိုးရဲ့အိမ်ကွင်းမှာ သူတို့လုပ်ရမှာက ဂိုးအလှူတော်အခမ်းအနားမဖြစ်ဖို့ပဲ။ ဒီပွဲတော့ သူတို့တွေ လိုသလိုဖြစ်ခဲ့တယ်ပဲပြောရမှာပေါ့။ မန်စီးတီးဘက်ကကြည့်ရင်လည်း ပွဲတစ်ပွဲလုံးကို စီးမိုးထားတယ်။ ဒါပေမယ့် သူတို့အတွက်က ဂိုးတွေအများကြီးထက် ဘန်လေဘက်က ပြန်မတုံ့ပြန်လာဖို့ပဲ။
နောက်ပြီး ချန်ပီယံလိဂ်က အရေးပါလာတဲ့အချိန်မှာ ဂွါဒီယိုလာက သူ့အသင်းမှာ အင်အားချန်လို့ရသလောက်ချန်မှာပဲ။ PSG၊ လိုက်ပ်ဇစ်၊ ဘရုဂေးတို့ပါတဲ့ ချန်ပီယံလိဂ်အုပ်စုက အမှားခံလို့မရဘူး။ ဒီတော့ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာပွဲချောင်နေတုန်း ချန်ပီယံလိဂ်ဘက်ကို အပြတ်ရုန်းမှာ သေချာပါတယ်။ လိုက်ပ်ဇစ်ကိုအိမ်ကွင်းမှာ ဂိုးတွေအပြန်အလှန်သွင်းခဲ့တယ်။ PSG ကို ရှုံးခဲ့တယ်။ ဒီတော့ ချန်ပီယံလိဂ်မှာ လာမယ့် ဘရုဂေးနဲ့ နှစ်ပွဲဆက်တိုက်က သူ့အတွက်ပိုအရေးကြီးလိမ့်မယ်။
မန်စီးတီးအတွက် ဂိုးကို ဘာနာဒိုဆေးလ်ဗားက စောစောစီးစီး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဒီဘရိုင်းက ဒုတိယမြောက်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ မန်စီးတီးက လာမယ့်ကြားရက်မှာ ဘရုဂေးနဲ့ ချန်ပီယံလိဂ်ကန်ရဖို့ရှိပြီး အဲ့ဒီနောက် ပရီးမီးယားလိဂ်မှာတော့ ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ ပဲလေ့စ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။