အသင်းဖော်ကို စနောက်ခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုတွေကို မနေ့က ပြုလုပ်ခဲ့အပြီးမှာတော့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ တအုပ်စုတည်းကျရောက်ခဲ့ကြပြီး အင်တာမီလန်၊ ဗစ်တိုရီးယားပယ်လ်ဇယ်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီအုပ်စုကတော့ တော်တော်လေးကျပ်တယ်လို့ ဆိုရမှာဖြစ်ပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်တော့ ပယ်လ်ဇန်ကလွဲရင် ကျန်အသင်းကြီး ၃ သင်းက အပြိုင်ကြိုးစားရမှာဖြစ်ပါတယ်။ 

ထူးခြားချက်ကတော့ ဒီရာသီမှာမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးက အသင်းဟောင်းနဲ့ ချက်ချင်းပြန်လည်ရင်ဆိုင်ရတော့မယ်ဆိုတာပါပဲ။ ဘိုင်ယန်မြူးနစ်အတွက် နှစ်အတန်ကြာကစားပေးခဲ့တဲ့ လီဝန်ဒေါစကီးအတွက် စိတ်လှုပ်ရှားဖို့တော့ ကောင်းနေမှာဖြစ်ပြီး ဘိုင်ယန်နဲ့အတူ ဘာစီလိုနာကို စံချိန်တင်ဂိုးပြတ်နိုင်ပွဲတွေရယူဖူးပြီး အခုတခါတော့ ဘာကာအတွက် ဘိုင်ယန်ကို အနိုင်ကစားနိုင်ဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။ 



ဒီလိုမျိုးပြန်လည်တွေ့ဆုံခဲ့တဲ့အပေါ်မှာ ဘိုင်ယန်တိုက်စစ်ကစားသမားသောမတ်စ်မူလာကလည်း စိတ်လှုပ်ရှားခဲ့ဟန်ရှိပါတယ်။ မဲခွဲအပြီးမှာ မူလာကချက်ချင်းဆိုသလိုပဲ လူမှုကွန်ယက်ကနေ "ဘောလုံးပရိသတ်အားလုံးအတွက် သဘောကျစရာမဲခွဲမှုတခုပါ၊ မစ္စတာလီဝန်ဒေါစကီးရေ၊ မကြာခင်မြူးနစ်မှာတွေ့မယ်နော်၊ လုပ်လိုက်ကြစို့လား၊ ချန်ပီယံလိဂ်ရာသီကို နွှဲလိုက်ကြရအောင်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

မူလာနဲ့ လီဝန်ဒေါစကီးတို့ဟာ အသင်းဖော်တွေအဖြစ် ခင်မင်ရင်းနှီးခဲ့သူတွေဖြစ်ပါတယ်။ မူလာက အသင်းဖော်ဟောင်းကို နောက်ပြောင်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ပတ်သက်လာရင် အတည်ပေါက်ပြောတတ်တဲ့ မူလာအတွက်တော့ ဒီတကြိမ်မှာ စပိန်ကလပ်နဲ့တ​ွေ့ဆုံမှုက အရင်တုန်းကထက် ပိုပြီး​တော့ ထူးခြားနေမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေမှာ ဘိုင်ယန်က ဘာစီလိုနာကို ၂-၈ ဆိုတဲ့ ရလဒ်အပါအဝင် အသာစီးရအောင်ကစားထားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲတွေတုန်းက လီဝန်ဒေါစကီးလည်းပါဝင်ခဲ့ပြီး ခြေစွမ်းပြဂိုးသွင်းခဲ့ပါတယ်။ ဒီတခါတော့ လီဝန်ဒေါစကီးက ဘိုင်ယန်ကို ဂိုးပြန်သွင်းရတော့မှာဖြစ်ကာဘာကာအတွက် အနိုင်ကစားပေးရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က