Ember လို့ခေါ်တဲ့ Super Smash Bros. Ultimate ကစားသမားဟာ အဆိုပါဂိမ်းကို ၆၅ နာရီဆက်တိုက်ကစားပြီး "Fighting Game အကြာဆုံးကစားနိုင်သူ" ဆိုတဲ့ ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

  Ember လို့ခေါ်တဲ့ Super Smash Bros. Ultimate ကစားသမားဟာ အဆိုပါဂိမ်းကို ၆၅ နာရီဆက်တိုက်ကစားပြီး "Fighting Game အကြာဆုံးကစားနိုင်သူ" ဆိုတဲ့ ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။


ယခင်စံချိန်ကိုတော့ Daniel Bergman လို့ခေါ်တဲ့ကစားသမားက ၂၀၁၆ ခုနှစ် သြဂုတ်လမှာ Super Smash Bros ဂိမ်းကို ၅၇ နာရီဆက်တိုက်ကစားပြီး ဒီစံချိန်ကိုတင်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

         Ember ရဲ့နာမည်အရင်းကတော့ Justin Jackson ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ ဒီဂင်းနစ်စံချိန်ကိုချိုးခဲ့တဲ့သူဖြစ်ပေမယ့် နာမည်ကြီး Streamer လည်းမဟုတ်သလို ပရော်ဖက်ရှင်နယ်ကစားသမားလည်း မဟုတ်တဲ့သူပါ။ ဒီဂင်းနစ်စံချိန်ချိုးမယ့် သူ့ရဲ့ခရီးစဉ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ခဲ့တာပဲဖြစ်ပါတယ်။


 ဒီစံချိန်ကိုချိုးရတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ နာရီပေါင်းများစွာ မအိပ်မနေကစားရမယ့်အပြင် ဂင်းနစ်စံချိန်ရဲ့တရားဝင်စည်းကမ်းချက်အရ တစ်နာရီကို အများဆုံး ၁၀ မိနစ်သာ နားခွင့်ရှိမှာပါ။ ဒါပေမယ့် Ember ကတော့ ဒီအခက်အခဲတွေကိုကျော်ဖြတ်ပြီး ၆၅ နာရီဆက်တိုက်ကစားကာ စံချိန်ချိုးနိုင်ခဲ့ပါတယ်။


စံချိန်ချိုးဖို့အတွက် ၆၅ နာရီဆက်တိုက် Super Smash Bros Ultimate ကစားခဲ့တာကိုတော့ Ember က သူ့ရဲ့ Twitch Channel မှာ Live Stream ပြလုပ်ခဲ့ပါတယ်။ သူ့ Live Stream က ရရှိတဲ့ငွေကြေးတွေကိုတော့ NAACP အဖွဲ့အစည်းကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့စံချိန်ကို ဂင်းနစ်စံချိန်ဘက်က တရားဝင်အတည်ပြုဖို့အတွက် ၃ လ စောင့်ရဦးမယ်လို့ Ember ကဆိုပါတယ်။

         တကယ်တမ်းမှာ ဗီဒီယိုဂိမ်းနဲ့ပတ်သတ်တဲ့ ဂင်းနစ်စံချိန်တွေက အများကြီးရှိပါတယ်။ အကြာဆုံးဂိမ်းကစားနိုင်သူစံချိန်ကို ဂိမ်းတစ်ခုချင်းအလိုက် ဒါမှမဟုတ် အမျိုးအစားအလိုက်ခွဲခြားထားပြီး လက်ရှိမှာ စံချိန်မရှိသေးတဲ့ဂိမ်းတွေလည်း ကျန်ရှိနေပါသေးတယ်။ အဲဒီထဲမှာမှ အကြီးဆုံးစံချိန်လို့ဆိုရမယ့် ဗီဒီယိုဂိမ်းအကြာဆုံးကစားနိုင်သူစံချိန်ကိုတော့ အမေရိကန်နိုင်ငံသူ Carrie Swidecki ကရရှိထားပါတယ်။ သူဟာ Just Dance 2015 ဂိမ်းကို ၁၃၈ နာရီနဲ့ ၃၄ စက္ကန့် အကြာကစားပြီး ဒီစံချိန်ကိုရရှိထားတာပဲဖြစ်ပါတယ်။


         အခြားမှတ်သားဖွယ်အနေနဲ့ကတော့ "First Person Shooter ဂိမ်းအကြာဆုံးကစားနိုင်သူ" စံချိန်ကို သြစတေးလျနိုင်ငံသား Okan Kaya ဆိုသူက Call of Duty ဂိမ်းကို ၁၃၅ နာရီ ၁၅ မိနစ် ၁၀ စက္ကန့်ကြာ ကစားပြီးလည်းကောင်း၊ "Q*Bert အကြာဆုံးကစားနိုင်သူ" စံချိန်ကို အမေရိကန်နိုင်ငံသား Geroge Leutz က ၈၄ နာရီ ၄၈ မိနစ်ကစားပြီးလည်းကောင်း၊ "Football (Soccer) ဂိမ်းအကြာဆုံးကစားနိုင်သူ" စံချိန်ကို အင်္ဂလန်နိုင်ငံသား Christopher Cook က FIFA 15 ကို ၄၈ နာရီ ၄၉ မိနစ် ၄၁ စက္ကန့်နဲ့လည်းကောင်း၊ "Metal Gear စီးရီးအကြာဆုံးကစားနိုင်သူ" စံချိန်ကို အမေရိကန်နိုင်ငံသား Benjamin Reeves က ၄၈ နာရီကြာကစားပြီးလည်းကောင်း အသီးသီးစံချိန်တင်ထားခဲ့ပါတယ်။


Written by Myo Thant Kyaw

Share

က္က