နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးအချက်အချာနေရာဖြစ်တဲ့ လာဂို့စ်မြို့မှာ ဆောက်လုပ်နေဆဲ ၂၂ ထပ်ပါ အထပ်မြင့် အဆောက်အအုံ ပြိုကျခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးသမားတွေက ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးများအောက်မှာ အသက်ရှင်နေသူတွေကို ညလုံးပေါက် ရှာဖွေနေခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အပျက်အစီးများအောက်မှ အသက်ရှင်သူ ၄ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
(Photo: BBC)
လာဂို့စ်မြို့ရဲ့ လူချမ်းသာတွေ နေထိုင်ကြရာ Ikoyi ရပ်ကွက်အတွင်း Gerald လမ်းမှာရှိတဲ့ ဆောက်လက်စ အထပ်မြင့် အဆောက်အအုံ ပြိုကျရတဲ့အကြောင်းရင်းနဲ့ အပျက်အစီးများအောက်မှာ လူဦးရေ မည်မျှပိတ်မိနေကြောင်း အတိအကျ မသိရသေးဘူးလို့ BBC သတင်းက ဖော်ပြပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အဆောက်အအုံ ပြိုကျမှုကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး နောက်ဆုံး အစီရင်ခံစာကို အများပြည်သူသို့ ထုတ်ပြန်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ပြိုကျခဲ့တဲ့ အထပ်မြင့် အဆောက်အအုံဟာ တန်ဖိုးကြီး လူနေအိမ်ခန်းတွေ ပါဝင်မယ့် 360 Degrees Towers အမည်ရှိ အိမ်ရာစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ စီမံကိန်းကို Fourscore Homes Limited က တာဝန်ယူထားတာဖြစ်ပြီး ထိုကုမ္ပဏီက ဗြိတိန်၊ အမေရိကန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားရဲ့ အခြားနေရာတွေမှာ ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိထားပါတယ်။
(Photo: Lasema)
ဆောက်လုပ်ရေးအလုပ်သမား အသက် ၄၁ နှစ်အရွယ် Eric Tetteh က AP သတင်းဌာနကို ပြောကြားမှုအရ ၎င်းတို့အဖွဲ့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုရောက်ရှိပြီး ဓာတ်လှေခါးစောင့်ဆိုင်းနေစဥ် အဆောက်အအုံက ရုတ်တရက် ပြိုကျခဲ့ကြောင်း သိရပါတယ်။ "ကျွန်တော်နဲ့ ကျွန်တော့်ညီ၊ ကျွန်တော်တို့ လွတ်မြောက်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီမှာ နောက်ထပ် လူတွေ ရှိသေးတယ်၊ လူ ၁၀၀ ကျော်တယ်" လို့ ၎င်းက ဆိုပါတယ်။
မျက်နှာချင်းဆိုင်ရှိ ရုံးခန်းအဆောက်အအုံတစ်ခုမှာ အလုပ်လုပ်ကိုင်သူ မျက်မြင်တစ်ဦးကလည်း အသံတစ်ခုကြားခဲ့တာကြောင့် ပြတင်းပေါက်ကနေ ကြည့်လိုက်ရာမှာ ဆောက်လက်စ အဆောက်အအုံဟာ တစ်ထပ်ပြီးတစ်ထပ် ပြိုကျလာတာတွေ့ရတယ်လို့ BBC သတင်းဌာနရဲ့ Outside Source အစီအစဥ်ကို ပြောခဲ့ပါတယ်။ လတ်တလော နှစ်များအတွင်းကလည်း လာဂို့စ်မြို့မှာ အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပွားခဲ့ဖူးပါတယ်။
၂၀၁၉ ခုနှစ်မှာ စာသင်ကျောင်းတစ်ကျောင်းတစ်ကျောင်း ပြိုကျခဲ့မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း အထပ် ၆ ထပ်ပါ အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုအတွင်း လူ ၁၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆောက်အအုံ စံချိန်စံညွှန်းတွေကို ဝေဖန်မှုတွေရှိနေခဲ့ပြီး လာဂို့စ်အာဏာပိုင်တွေက ဆောက်လုပ်ရေးဆိုင်ရာ ခွင့်ပြုချက်ပေးရန် စိစစ်ဆုံးဖြတ်တဲ့ အစီအစဥ်သစ်တစ်ခုကို လတ်တလော ထုတ်ပြန်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။