အာဖရိကဖလားအုပ်စုအဖွင့်ပွဲမှာတော့ မိုဟာမက်ဆာလာရဲ့ အီဂျစ်တို့ နိုင်ဂျီးရီးယားကို တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်နဲ့ ဆာလာဦးဆောင်ခဲ့တဲ့ အီဂျစ်ဟာ နိုင်ဂျီးရီးယားကစားပုံကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး လျင်မြန်သွက်လက်တဲ့ ပြိုင်ဘက်ရဲ့ကစားပုံအောက်မှာ တော်တော်လေးဖရိုဖရဲဖြစ်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားရဲ့ တလုံးတည်းသောအနိုင်ဂိုးကိုတော့ လက်စတာတိုက်စစ်မှူးအီဟီယာနာချိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နိုင်ဂျီးရီးယားဘက်မှာ မော့ဆက်ဆိုင်မွန် တော်တော်လေးခြေစွမ်းပြခဲ့ပြီး အီဂျစ်နောက်တန်းကို တိုးအား၊ ရုန်းအား၊ လျင်မြန်မှုတွေနဲ့ အခက်တွေ့စေခဲ့ပြီး သူ့ရဲ့ခြေစွမ်းကို ချီးကျူးနေမှုတွေက တွစ်တာပေါ်မှာ ပလူပျံနေပါတယ်။
ပရီးမီးယားလိဂ်မှာ လက်ရှိအကောင်းဆုံးကစားသမားလို့ ဆိုရမယ့် ဆာလာကတော့ အသင်းဖော်တွေဆီက လုံလောက်တဲ့ ပံ့ပိုးမှု၊ အချိတ်အဆက်တွေမရခဲ့လို့ တိုက်စစ်ပိုင်းမှာ ငူငူကြီးဖြစ်နေခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှာရပ်တည်နေတဲ့ ဆာလာတယောက် ဂိုးကန်သွင်းခွင့်က လက်ငါးချောင်းတောင်ပြည့်အောင်မရခဲ့ပါဘူး။
နိုင်ဂျီးရီးယားကတော့ အုပ်စုတွင်းအဓိကပြိုင်ဘက်ကို အဖွင့်ပွဲမှာ အနိုင်ရလိုက်လို့ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဂွီနီယာ၊ ဆူဒန်တို့နဲ့ ကစားရမယ့်ပွဲတွေမှာ အနည်းဆုံး ၃ မှတ်ရယူနိုင်တာနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖွယ်လည်း ရှိနေပြီး အီဂျစ်ကတော့ လက်ကျန်နှစ်ပွဲစလုံးအနိုင်ရမှသာ နောက်တဆင့်အတွက် မျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။