စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ယူနိုက်တက်တို့ တမှတ်စီခွဲယူသွားခဲ့တာပါ။

ဒီပွဲမှာ ချဲလ်ဆီးက ဒဏ်ရာပြဿနာရှိနေတဲ့ ဘင်ချီဝဲလ်လွဲချော်ခဲ့ပြီး သူ့နေရာမှာ အလွန်ဆို၊ နောက်ထပ် ဒဏ်ရာရနေတဲ့ ကန်တေနေရာမှာ လော့ဖ်တပ်ချိခ်တို့ဝင်ကစားခဲ့ပြီး နောက်တန်းမှာ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ ချာလိုဘာ့ဂ်၊ တိုက်စစ်မှာ အိုဒွိုင်း၊ ဇီယက်ချ်နဲ့ တီမိုဗာနာတို့ ပွဲထွက်ခဲ့ပါတယ်။



ကာရစ်ကတော့ ဒီပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခဲ့ပြီး ပွဲပယ်ခံထားရတဲ့ မက်ဂွိုင်းရားနေရာမှာ ဘာယီ၊ ကွင်းလယ်မှာ မာတစ်၊ ဖရက်ဒ်၊ တွမ်မီနေး၊ တိုက်စစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်တို့ စောစောစီးစီး ဂိုးပေးရမလိုဖြစ်ခဲ့ပေမယ့် အိုဒွိုင်းနဲ့တယောက်ချင်းအတွေ့မှာ ဒီဂီယာကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးက ပွဲကို တော်တော်လေးစီးမိုးထားပေမယ့် ဂိုးတော့မရခဲ့ပါဘူး။

ကွင်းလယ်မှာ ဂျော်ဂျင်ဟိုက ကောင်းကောင်းထိန်းကျောင်းမောင်းနှင်နေပြီး ယူနိုက်တက်ဘက်ကလည်း ချဲလ်ဆီးခံစစ်တန်းကိုတောင် တိုးဝင်နိုင်ဖို့ တော်တော်လေးခက်ခဲ့ပါတယ်။ အိုဒွိုင်း၊ ရူဒီဂါတို့ရဲ့ ခြိမ်းခြောက်မှုတွေ ဂိုးမဖြစ်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ ကံကောင်းခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးက ဖိအားဆက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ပွဲကအလှည့်အပြောင်းဖြစ်သွားခဲ့ပြီး ဂျော်ဂျင်ဟို ဘောလုံးထိန်းမသေသပ်မှုကတဆင့် ဆန်ချို ကွင်းလယ်ကနေ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးသွားပြီး မန်ဒီနဲ့ တယောက်ချင်းအတွေ့မှာ ကန်သွင်းယူသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ ရော်နယ်ဒိုလည်းဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ယူနိုက်တက်ကတော့ တန်ပြန်တိုက်စစ်နဲ့သာ ထိုးဖောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ တိုက်စစ်ဆင်နေရင်းနဲ့ပဲ သီယာဂိုဆေးလ်ဗားကို ဝမ်ဘစ်ဆာကာ ကန်မိသလို ဖြစ်သွားတာကြောင့် ပင်နယ်တီပြန်ပေးလိုက်ရပါတယ်။ 

ဒီပင်နယ်တီကိုတော့ ဂျော်ဂျင်ဟို အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ချဲလ်ဆီးအတွက် ချေပဂိုးရရှိခဲ့ပါတယ်။ ချဲလ်ဆီးတို့ အနိုင်ဂိုးရဖို့ ဆက်တိုက် တိုက်စစ်ဆင်နေခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ သရေကျခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒီသရေရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ဆဲဆိုပေမယ့် နောက်ပွဲတွေမှာ အမှားခံလို့မရတော့ပါဘူး။ 

Share

က္က