ကွန်တီတယောက် ပွဲချိန်တွင်းပြဿနာရှာခဲ့သေးတာပါ။

မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ ဆောက်သမ်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကတော့ ဖျော်ဖြေမှုရသအပြည့်နဲ့အတူ အပြန်အလှန်ဂိုးတွေသွင်းပြီး ဧည့်သည်ဆောက်သမ်တန်က စပါးကို ၂-၃ ဂိုးနဲ့ အနိုင်ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ စပါးတို့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ရရှိထားတဲ့ ဦးဆောင်ဂိုးတွေကို မထိန်းနိုင်ခဲ့တဲ့အပြင် နောက်ဆုံးမှာတော့ အနိုင်ဂိုးပါပေးပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။



 

ဆောက်သမ်တန်နောက်ခံလူ ဘတ်နာရက်ခ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကတဆင့် စပါးတို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ပြိုင်ဘက်တိုက်စစ်မှူး ဘရိုဂျာရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်မိနစ် (၇၀) မှာတော့ စပါးတို့ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဆွန်ဟောင်မင်က သွင်းယူသွားခဲ့ပါတယ်။

 

ဆွန်ဟောင်မင်ဂိုးသွင်းပြီး နှစ်မိနစ်အကြာမှာပဲ ဆောက်သမ်တန် တိုက်စစ်မှူး ဘရိုဂျာကို စပါးနောက်ခံလူ အီမာဆင် ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပွဲကို ဆက်လက်ကစားစေခဲ့ပါတယ်။ အဲ့ဒီအနေအထားမှာ ဆောက်သမ်တန်ကစားသမားတွေရော၊ ကွင်းဘေးက ဆောက်သမ်တန်နည်းပြအဖွဲ့ဝင်တွေကပါ အပြင်းအထန် စောဒကတက်ခဲ့ကြပါတယ်။

 

ဒီလိုနဲ့ပဲ ကွန်တီနဲ့ ဆောက်သမ်တန်နည်းပြအဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့မှုတွေရှိခဲ့ပြီး ကွန်တီကတော့ ဆောက်သမ်တန်နည်းပြအဖွဲ့ဝင်တွေရှိရာ အရံခုံတန်းဘက်လှည့်ကာ ပါးစပ်ပိတ်ထားပြီး တိုးတိုးနေဖို့ အမူအရာပြသခဲ့ပါတယ်။

 

ဒါပေမယ့် စပါးကစားသမားတွေကတော့ ရရှိထားတဲ့ အနိုင်ဂိုးကို မထိန်းသိမ်းနိုင်ခဲ့ဘဲ (၃) မိနစ်အတွင်းမှာပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ခွင့်ပြုလိုက်ရပါတယ်။ ပွဲကစားချိန် (၇၉) မိနစ်မှာ အယ်လ်ယွန်နက်စီက ချေပဂိုး၊ အဲ့ဒီနောက် (၈၂) မိနစ်မှာတော့ ချီအဒမ်စ်က အနိုင်ဂိုးတို့ကို သွင်းယူသွားခဲ့ပါတယ်။

 

စပါးနည်းပြ ကွန်တီအတွက်ကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီး၊ အခုဆောက်သမ်တန်တို့နဲ့ နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

က္က