ကျူးကျော်စစ်ကို တားဖို့အတွက် ယူကရိန်းစစ်တပ်မှာ စာရင်းပေးပြီး တိုက်ပွဲဝင်ကြမယ့် Tesla ယူကရိန်းဝန်ထမ်းတွေကို အနည်းဆုံး သုံးလအထိ လစာပေးသွားမယ်လို့ ဆိုပါတယ်။
ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေဆီက ဝန်ထမ်းတွေကို ပေးပို့တဲ့ Tesla ကုမ္ပဏီရဲ့ အီးမေးလ်ထဲမှာ ယူကရိန်းနိုင်ငံသား Tesla ဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် ယူကရိန်းကို ပြန်သွားကြမယ်ဆိုရင် အနည်းဆုံး ၃ လအထိ လစာပေးထားမယ်လို့ CNBC သတင်းက ဖော်ပြခဲ့တာပါ။
သုံးလကုန်သွားပြီးရင်တော့ Tesla ဟာ ရုရှား - ယူကရိန်းစစ်ပွဲအခြေအနေနဲ့ ဝန်ထမ်းတွေရဲ့ အနေအထားကို ပြန်သုံးသတ်ပြီး ဘာတွေ ထပ်လုပ်ဖို့ လိုမလဲဆိုတာကို ဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ဖေဖော်ဝါရီလထဲမှာ ယူကရိန်းသမ္မတ ဗိုလော့ဒ်ဒီမာ ဇယ်လန်စကီးက ရုရှားကျူးကျော်မှု ဝင်ရောက်ခါနီးမှာပဲ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုဝင်ထမ်းကြဖို့ ပန်ကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားတို့ ကျူးကျော်မှုစတင်ပြီး ၁၂ ရက်အကြာမှာ ဝန်ထမ်းတွေကို ပေးပိုတဲ့ တနင်္လာနေ့က Tesla အီးမေးလ်မှာ ယူကရိန်းကို Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုရအောင် SpaceX ကို ကူညီခဲ့ခြင်းအတွက်လည်း Tesla က ဝန်ထမ်းတွေကို ချီးကျူးထားပါတယ်။ အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ကိုလည်း Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ကပဲ တည်ထောင်ထားတာပါ။
နိုင်ငံအတွင်း အင်တာနက်ပြတ်တောက်မှုအရေးကူညီပေးဖို့ ယူကရိန်းအစိုးရအဖွဲ့က အီလွန်မတ်စ်ကို အကူအညီတောင်းပြီးနောက် မတ်စ်က Starlink စလောင်းတွေကို ယူကရိန်းဆီ ပေးပို့ခဲ့ပါတယ်။ Tesla ရဲ့ စွမ်းအင်အဖွဲ့ကလည်း ယူကရိန်းနိုင်ငံအတွင်း Starlink စက်တွေ လည်ပတ်နိုင်ဖို့ Tesla Powerwalls လို့ ခေါ်တဲ့ လစ်သီယံအိုင်ယွန်း ဘက်ထရီစွမ်းအင်သိုလှောင်ရေးစနစ်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
Tesla ဝန်ထမ်းတွေဟာ Tesla ထောက်ခံချက်ရ ပစ္စည်းတပ်ဆင်ရေးလုပ်ငန်း Installer တွေကနေ လှုထားတဲ့ အင်ဗာတာတွေ ၊ အားသွင်းကြိုးတွေကို သုံးပြီး Starlinks နဲ့ PowerWalls စနစ်တွေကို ယူကရိန်းမှာ တပ်ဆင်ပေးခဲ့ပါတယ်။ Tesla အနေနဲ့ ယူကရိန်းမှာ လုပ်ငန်းလည်ပတ်ခြင်း မရှိပေမယ့် နိုင်ငံအတွင်းက Tesla ကားပိုင်ရှင် ၅ ထောင်ခန့်နဲ့ တခြားလျှပ်စစ်ယာဉ်မောင်းသူတွေဟာ ပိုလန် ၊ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးရီးယားတွေက ကုမ္ပဏီရဲ့ Supercharger အားသွင်းရုံတွေမှာ အခမဲ့အားသွင်းခွင့်လည်း ပေးထားတယ်လို့ ဆိုပါတယ်။