နိုင်ဂျီးရီးယားမှာ ၆ လကျော်ကြာ အပိတ်ခံထားရတဲ့ Twitter ကို ပြန်ပြီး အသုံးပြုခွင့်ပြုလိုက်ပြီလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။
ဇွန်လ ၄ ရက်နေ့က သမ္မတမူဟာမက် ဒူဘူဟာရီရဲ့ ဒေသတွင်းခွဲထွက်ရေးသမားတွေကို အပြစ်ပေးမယ့်အကြောင်း ခြိမ်းခြောက်ထားတဲ့ ပို့စ်ကို ပလက်ဖောင်းပေါ်မှာ ဖယ်ရှားခဲ့တဲ့ Twitter လူမှုကွန်ရက်ပလက်ဖောင်းကို နိုင်ဂျီးရီးယားအစိုးရက ပိတ်ထားခဲ့တာပါ။ အစိုးရဟာ တယ်လီကွန်းကုမ္ပဏီတွေကိုလည်း နိုင်ငံအတွင်း Twitter သုံးခွင့်မရအောင် ပိတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
Photo: thenigerianvoice
CNN သတင်းအရ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကစပြီး Twitter ကို ပြန်ဖွင့်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ နိုင်ငံဂျီးရီးယား ပြည်သူသန်းပေါင်းများစွာအတွက် လူမှုကွန်ရက် ပြန်သုံးခွင့်ရလာတာ ဖြစ်ပါတယ်။ အခုလို Twitter အသုံးပြုမှု ပြန်ခွင့်ပြုလိုက်တာဟာ ကုမ္ပဏီဘက်က နိုင်ဂျီးရီးယားအစိုးရ ညွှန်ကြားတဲ့ အခြေအနေအားလုံးအတိုင်း လိုက်နာပါ့မယ်လို့ သဘောတူတာကြောင့် ဖြစ်တယ်လို့ အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
အစိုးရပြောတဲ့ အခြေအနေတွေထဲမှာ နိုင်ဂျီးရီးယားနိုင်ငံ ဥပဒေနဲ့အညီ ကန့်သတ်တားမြစ်ထားတဲ့ ထုတ်ဝေမှုတွေကို စီမံခန့်ခွဲခြင်းနဲ့ လုပ်ငန်းလည်ပတ်ခြင်း နဲ့ အခွန်ပြဿနာတွေ ဖြေရှင်းဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အမျိုးသားသတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် ကာရှီဖူ အီနုဝါ အဗ္ဗဒူလာဟီရဲ့ အဆိုအရ သမ္မတခွင့်ပြုချက်နဲ့ ပိတ်ပင်မှုကို အခုလို ဖြေလျှော့လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: premiumtimesng
"Twitter အနေနဲ့ နိုင်ဂျီးရီးယားဥပဒေတွေနဲ့ ဥပဒေပြုမှုတွေ ဖြစ်လာစေတဲ့ အမျိုးသားယဉ်ကျေးမှု ၊ သမိုင်းပေါ် လေးစားလိုက်နာဖို့ သဘောတူလိုက်ပါတယ်။" လို့ အဗ္ဗဒူလာဟီက ပြောပါတယ်။ "ဒါကြောင့်ပဲ ဖက်ဒရယ်အစိုးရဟာ နိုင်ဂျီးရီးယားနိုင်ငံအတွင်း Twitter ပေါ် ပိတ်ပင်ဆိုင်းငံ့မျုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ ညသန်းခေါင်က စပြီး ပြန်ခွင့်ပြုလိုက်တာပါ။"
Twitter နဲ့ နိုင်ဂျီးရီးယား အရာရှိတွေတွေရဲ့ ပူးတွဲနည်းပညာကော်မတီ ဥက္ကဌလည်း ဖြစ်တဲ့ အဗ္ဗဒူလာဟီရဲ့ ထုတ်ပြန်ချက်ထဲမှာ Twitter ဟာ နိုင်ဂျီးရီးယားအာဏာပိုင်တွေနဲ့ ဆက်ဆံဖို့ နဲ့ ဒေသတွင်း အခွန်ဆိုင်ရာကိစ္စတွေ လုပ်ဆောင်ဖို့ နိုင်ငံ့ကိုယ်စားလှယ်တစ်ယောက်ထားရှိဖို့ပါ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။