အမေရိကန်က ကမ္ဘောဒီးယားကို လက်နက်ရောင်းချမှု ပိတ်ပင်လိုက်ပြီးနောက် ဟွန်ဆန်က ထိုသို့ အမိန့်ပေးလိုက်တာပါ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရဲ့လက်နက်တိုက်မှာရှိနေတဲ့ အမေရိကန်လက်နက်များ အားလုံးကို ဖျက်ဆီးပစ်ရန် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိလာမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ကမ္ဘောဒီးယားကို လက်နက်ရောင်းချမှု ပိတ်ပင်ကာ ပို့ကုန်တင်သွင်းမှု ကန့်သတ်လိုက်ပြီးနောက် ဟွန်ဆန်က ထိုသို့ အမိန့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာ လူ့အခွင့်အရေးနဲ့ အဂတိလိုက်စားမှုဟာ စိုးရိမ်စရာဖြစ်နေပြီး တရုတ်ရဲ့လှုပ်ရှားမှုတွေကိုလည်း ရှိနေမှုတို့ကြောင့် အမေရိကန်က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၈ ရက်) မှာ ပိတ်ဆို့အရေးယူမှုတွေ သတ်မှတ်လုပ်ဆောင်လာခဲ့ပါတယ်။



အမေရိကန်လက်နက်နဲ့ စစ်တပ်အသုံးအဆောင်တွေရှိနေရင် အဲဒါတွေအားလုံးကို ပြန်သိမ်းရမယ်၊ ပြီးရင် ဂိုဒေါင်ထဲထည့်ထားလိုက် ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်ရမယ်

ကမ္ဘောဒီးယားစစ်တပ်နဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ ကာကွယ်ရေးပစ္စည်းနဲ့ ဝန်ဆောင်မှုများ ရယူနိုင်မှုအပေါ် ကန့်သတ်ရန် ရည်ရွယ်ပြီး အမေရိကန် ကုန်သွယ်ရေးဌာနက အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ အမေရိကန်လက်နက်နဲ့ အသုံးအဆောင်တွေရဲ့ အရည်အသွေးအပေါ် ယနေ့ နှိမ်ချပြောဆိုလိုက်ပါတယ်။

(Photo: AFP)

"ကမ္ဘောဒီးယားမှာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ လက်နက်တွေနဲ့ စစ်ဘက်အသုံးအဆောင်တွေကို ချက်ချင်း ပြန်လည်သုံးသပ်ဖို့ စစ်တပ်ကို ကျွန်တော် အမိန့်ပေးထားပါတယ်၊ တကယ်လို့ အမေရိကန်လက်နက်နဲ့ စစ်တပ်အသုံးအဆောင်တွေရှိနေရင် အဲဒါတွေအားလုံးကို ပြန်သိမ်းရမယ်၊ ပြီးရင် ဂိုဒေါင်ထဲထည့်ထားလိုက် ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်ရမယ်" လို့ ဟွန်ဆန်က Facebook ပို့တစ်ခုမှာ ပြောထားပါတယ်။

အမေရိကန်လက်နက်သုံးတဲ့သူ အများအပြားက စစ်ရှုံးတာပဲ

"အမေရိကန် လက်နက်ပိတ်ပင်မှုက အစိုးရကို ဦးဆောင်တဲ့ ကမ္ဘောဒီးယားမျိုးဆက်သစ်တွေအတွက် သူတို့ လွတ်လပ်တဲ့ ကာကွယ်ရေးကဏ္ဍ လိုချင်တယ်ဆိုရင် အမေရိကန်လက်နက်တွေ မသုံးပါနဲ့ဆိုတဲ့ သတိပေးချက်ပဲ" လို့ ဟွန်ဆန်က ဆိုပါတယ်။ ဒါ့အပြင် "အမေရိကန်လက်နက်သုံးတဲ့သူ အများအပြားက စစ်ရှုံးတာပဲ" လို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဖဂန်နစ္စတန်ကို ကိုးကားပြီး ပြောဆိုခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Share

က္က