မန်စီးတီးတိုက်စစ်မှူး ဟာလန်းက နိုင်ငံနဲ့ ကလပ်အတွက် ကစားရတဲ့အပေါ် ကွာခြားချက်တွေကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လက်ရှိမှာ ဟာလန်းက နိုင်ငံတကာ ရက်သတ္တပတ်အဖြစ် နော်ဝေလက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနေတာလည်း ဖြစ်ပါတယ်။
နော်ဝေဟာ ဒီတစ်ပတ် နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ချက်၊ ဆလိုဗက်ကီးယားတို့နဲ့ ရင်ဆိုင်ကစားသွားဖို့ ပြင်ဆင်နေတာပါ။ ဒါ့အပြင် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ နော်ဝေရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဟာလန်းတစ်ယောက် ဒဏ်ရာရရှိမလိုဖြစ်ခဲ့ပြီး ကံကောင်းလို့သာ အခြေအနေဆိုးတစ်ခုကနေ ရှောင်လွှဲနိုင်ခဲ့တာပါ။
ဟာလန်းက “နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားပေးရတာက ကောင်းပါတယ်။ ဒါပေမယ့် ချက်ကို အိမ်ကွင်းမှာ ကစားရတာနဲ့ နောက်တစ်ပတ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာက ကွဲပြားခြားနားပါတယ်။ ကျွန်တော် ဒါကို မလိမ်နိုင်ပါဘူး။ ဒါက ကြီးမားတဲ့ ကွာခြားချက်တစ်ခုပါ”
“ဒါပေမယ့် ခင်ဗျား ဘာလုပ်နိုင်မှာလဲ? နိုင်ငံတကာ ဘောလုံးပြက္ခဒိန်တွေထဲမှာ ပွဲတွေကို များနိုင်သလောက် များအောင် ထည့်ထားကြပါတယ်။ ဒါကပဲ သူတို့ ရည်ရွယ်ချက်ဖြစ်တဲ့ပုံပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲအဖြစ် အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးတို့ သုံးသင်းက အပြိုင်ဖြစ်နေပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း လီဗာပူးနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး အခု အာဆင်နယ်နဲ့ပွဲမှာတော့ သေချာပေါက် အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။