အမ်ဘာပေရဲ့ စာချုပ်သစ်အချက်အလက်တွေ ပေါက်ကြားခဲ့တာပါ။

ပြင်သစ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်သစ်ပါ အချက်အလက်တွေ ပေါက်ကြားလာခဲ့ကြောင်း သိရှိရပါတယ်။ ဒီစာချုပ်ကို ပြင်သစ်သမ္မတ မက်ခရွန်ကပါ ကြားဝင်စေ့စပ်ပေးထားတယ်လို့ဆိုပြီး ဒါက နိုင်ငံတော်အဆင့်လို့ပါ ခေါ်ဝေါ်နိုင်ကြောင်း သတင်းဌာနတွေက ချဲ့ကား ရေးသားလျက်ရှိပါတယ်။



အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီးနောက် အသင်းနဲ့ (၃) နှစ် သက်တမ်းရှိ စာချုပ်သစ်တရပ်ကို ထပ်မံချုပ်ဆိုခဲ့တာပါ။ ဒီစာချုပ်ပါ အချက်အလက်တွေအရ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာရှိနေတဲ့ (၃) နှစ်အတွင်း ယူရိုသန်း (၆၃၀) အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ အမ်ဘာပေဟာ တလလုပ်ခ ယူရို (၆) သန်း၊ တနှစ်လုပ်ခ ယူရို (၇၂) သန်းအထိ ရရှိနေတာပါ။

ဒါက ဘောလုံးသမားတွေကြားထဲမှာ သမိုင်းတလျှောက် လုပ်ခလစာအများဆုံးပေးချေရတဲ့ ကစားသမားအဖြစ် အငြင်းပွားဖွယ်မရှိ သတ်မှတ်ရမယ့် ပမာဏလည်းဖြစ်ပါတယ်။ (၂၀၁၇) မှာ မက်ဆီ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုချိန်မှာတောင် စုစုပေါင်းတန်ဖိုးက ယူရို (၅၅၅) သန်းသာရှိခဲ့ပြီး အမ်ဘာပေ လက်ရှိရရှိမယ့် ပမာဏနဲ့ များစွာ ကွာဟနေပါသေးတယ်။

ဒါ့အပြင် အမ်ဘာပေ အနေနဲ့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခအဖြစ် ယူရိုသန်း (၁၈၀) ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ အမ်ဘာပေအနေနဲ့ (၃) နှစ်အတွင်းမှာတည်း တနှစ်ပြီးတနှစ် အပိုဆုကြေးတွေရရှိမှာပါ။ ပထမတနှစ်အပြီးမှာ ယူရိုသန်း (၇၀)၊ ဒုတိယနှစ်အပြီးမှာ ယူရိုသန်း (၈၀) နဲ့ တတိယနှစ်အပြီးမှာ ယူရိုသန်း (၉၀) အထိ အပိုဆုကြေးတွေရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏက အခွန်ပေးဆောင်ရမယ့်နှုန်းထား မပါသေးဘူးလို့ သိရှိရပါတယ်။

လူမှုရေးထောက်ပံ့မှုကိစ္စတွေအပါအဝင် အခွန်အခအားဖြင့် (၄၅) ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး ဒါတွေကို ဖယ်ထုတ်လိုက်ရင်တော့ အမ်ဘာပေက ယူရိုသန်း (၂၁၀) အထိ ရရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီပမာဏကလည်း ပီအက်စ်ဂျီအတွက် ကုန်ကျစရိတ်ရဲ့ လေးပုံတပုံ ပမာဏရှိနေပါတယ်။ ဒီအချက်အလက်တွေကိုတော့ ပြင်သစ်သတင်းဌာန Le Parisien က ဖွင့်ချခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က