တရုတ်ကို ခြေစွမ်းပိုင်းအရ အပြန်အလှန်မကစားနိုင်ခဲ့ပါဘူး။

ဒီနေ့ညနေ ၅ နာရီက မြန်မာအသင်းဟာ တရုတ်နဲ့ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ကစားခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ်။ တရုတ်က မြန်မာကို ခြေစွမ်းပိုင်း၊ ကစားကွက်ပိုင်းအရ အသာစီးရရှိခဲ့ကာ မြန်မာကတော့ ရုန်းကန်ခဲ့ရပါတယ်။ ကစားသမားတဦးချင်း ကွာခြားချက်ကြီးမားခဲ့ပြီး တရုတ်က ပါးပါးနပ်နပ်နဲ့ ကစားသွားခဲ့ပါတယ်။ 


မြန်မာအတွက် သန်းပိုင် အပိုင်အခွင့်အရေးတကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲကစားချိန် ၂၉ မိနစ်နဲ့ ၃၅ မိနစ်မှာ တရုတ်က ၂ ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ဦးဆောင်သွားခဲ့တာပါ။ အဲဒီနောက် မြန်မာဘက်က စည်သူအောင် ဒဏ်ရာရသွားလို့ လူစားလဲလှယ်ခဲ့ရပ​ြီး မြင်တွေ့ရပုံအရတော့ ဒဏ်ရာက တော်တော်လေးနာကျင်ခဲ့ဖွယ်ရှိပါတယ်။ 

တရုတ်နဲ့ အရင် ၄ ကြိမ်ရင်ဆိုင်ဖူးပြီး ၄ ကြိမ်စလုံး အရေးနိမ့်ခဲ့တဲ့ မြန်မာဟာ ဒီနေ့မှာလည်း နောက်ထပ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ နည်းပြသစ်မိုက်ကယ်လက်ထက်မှာလည်း ခြေစွမ်းပိုင်းအရ ထူးထူးခြားခြား ကောင်းမွန်လာခြင်းမရှိသေးဘဲ ကစားဟန်တချို့မှာသာ ကောင်းမွန်တာကိုလည်း မြင်တွေ့ရပြီး နေရာစုံမှတော့ာ အားနည်းနေခဲ့တာပါ။ 

ခြေစမ်းပွဲဆိုပေမယ့် ဒီပွဲမှာ VAR အသုံးပြုခဲ့ပြီး တရုတ်တို့ ၁ ဂိုးရခဲ့ကာ ၁ ဂိုးပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း တရုတ်ကပဲ ဖိအားပေးနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ အဝေးကန်ချက်တွေကိုသာ အသုံးပြုနေခဲ့ရပါတယ်။ မြန်မာအသင်းတိုက်စစ်ပိုင်းမှာ အောင်သူမပါဝင်နိုင်ခဲ့တာက အားနည်းချက်ဖြစ်ခဲ့ပြီး ပြိုင်ဘက်ခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်းကလည်း နည်းပါးခဲ့ပါတယ်။ 


မိနစ် ၇၀ ကျော်မှာတော့ မြန်မာကစားသမားရဲ့ အမှားကတဆင့် တရုတ်က ဘောလုံးရသွားခဲ့ပြီးနောက် ၀ူလိုင်က တတိယမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ တိုက်စစ်ဆင်ကစားနိုင်ခြင်းတောင်မရှိတော့ဘဲ တရုတ်ရဲ့ တိုက်စစ်ကိုပဲ ဟန့်တားနေရင်း အချိန်ကုန်ခဲ့ရပါတယ်။ ၈၁ မိနစ်မှာ တရုတ်အတွက် ၀ူလိုင်ကပဲ နောက်တဂိုးထပ်သွင်းခဲ့လို့ ၄-၀ ဖြစ်သွားခဲ့ကာ အဆိုပါရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ပါတယ်။


Share

Loading Next Article...
က္က