ယူနိုက်တက်နဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟို့ဂျ်လန်းက ဆန်မာရီနိုနဲ့ ကစားခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ ပြိုင်ဘက်ကစားသမားတွေက သူ့ကို ပစ်မှတ်ထား ကစားခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အဆိုပါပွဲမှာ ဟို့ဂျ်လန်းက ဒိန်းမတ်အတွက်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူ့ရဲ့ သွင်းဂိုးက ပြင်းထန်အားပါပြီး လှပခဲ့ပေမယ့် ကျန်တဲ့ပွဲကစားချိန်တွေမှာတော့ ဟို့ဂျ်လန်းတစ်ယောက် မသာယာခဲ့ပါဘူး။ ဆန်မာရီနို ကစားသမားတွေဟာ ဟို့ဂျ်လန်းကို ဦးတည် ပစ်မှတ်ထားပြီး ပြစ်ဒဏ်ဘောတွေ ကျူးလွန်ကစားခဲ့ကြပါတယ်။
ပြစ်ဒဏ်ဘောတစ်ကြိမ်မှာဆိုရင် ဟို့ဂျ်လန်းရဲ့ နောက်ကျောကို ပြိုင်ဘက်ကစားသမားက ဒူးနဲ့ဝင်တိုက်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဟို့ဂျ်လန်းကလည်း သူ့ကို ပြိုင်ဘက်ကစားသမားတွေ ဒါမျိုး ပစ်မှတ်ထားကစားခဲ့တာကို သိရှိခဲ့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။
ဟို့ဂျ်လန်းက “ဒီနေ့ပွဲမှာ ဆန်မာရီနို ကစားသမားတွေက ကျွန်တော့်ကို ပစ်မှတ်ထား ကစားခဲ့ကြတာပါ။ ခင်ဗျားတို့ နောက်ဆုံးမှာ မြင်ခဲ့သလိုပါပဲ။ ကျွန်တော် အီတလီဘာသာစကားကို နားလည်ပါတယ်။ သူတို့က ကျွန်တော့်ကို အမှုန့်ကြိတ်ပစ်ဖို့ စိတ်ကူးရှိတယ်ဆိုပြီး ပြောနေတာကို ကျွန်တော် ကြားခဲ့ပါတယ်”
“ပုံတွေကိုကြည့်လိုက်ရင်လည်း ပြိုင်ဘက်ကစားသမားရဲ့ စိတ်ထဲမှာ တစ်ခုတည်းတွေးနေတာကို ခင်ဗျားတို့ မြင်နိုင်မှာပါ။ အဝါကတ်ပြလိုက်တာက သူတို့အတွက် ဟာသတစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟို့ဂျ်လန်းဟာ အဆိုပါပွဲမှာ ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာပြဿနာကို ကုသမှုခံယူနေရပြီး ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေရပါတယ်။