တရုတ်အစိုးရဟာ မျိုးဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ နိုင်ငံရဲ့ အကြီးဆုံး COVID-19 ကူးစက်မှုကို ရင်ဆိုင်တိုက်ဖျက်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံရဲ့အခြားနေရာတွေထက် ကူးစက်မှုများ ပိုမိုလျင်မြန်စွာ မြင့်တက်လာနေတဲ့ အရှေ့မြောက်ပိုင်းမြို့တစ်မြို့မှ လာရောက်ကြသူတွေကို နေရာဒေသအချို့က ဝင်ခွင့်ပိတ်ပင်ထားပါတယ်။ တရုတ်မှာ အောက်တိုဘာ ၁၇ ရက်နဲ့ နိုဝင်ဘာ ၁၄ ရက်အတွင်း ပြည်တွင်းကူးစက်မှု ၁,၃၀၈ ခု စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ထိုအရေအတွက်ဟာ နွေရာသီကာလအတွင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားခဲ့စဥ်က ပြည်တွင်းကူးစက်မှု ၁,၂၈၀ တွေ့ရှိခဲ့ရမှုထက် ပိုများလာခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနက တရုတ်အစိုးရရဲ့ တရားဝင် အချက်အလက်တွေကို အခြေခံတွက်ချက်မှုအရ သိရှိရပါတယ်။
(Photo: Reuters)
ယခုဖြစ်ပွားနေတဲ့ ကူးစက်မှုဟာ တရုတ်မှာ ဒယ်လ်တာဗိုင်းရပ်စ် အကျယ်ပြန့်ဆုံး ကူးစက်မှုဖြစ်ပြီး နိုင်ငံရဲ့ ပြည်နယ်၊ နယ်မြေနဲ့ မြို့တော်နယ်မြေ ၂၁ ခုမှာ သက်ရောက်မှုရှိနေပါတယ်။ တရုတ်ဟာ အခြား နိုင်ငံတွေထက် COVID-19 ကူးစက်မှုအရေအတွက် နည်းပါးပေမဲ့ အာဏာပိုင်တွေက ကူးစက်မှုထိန်းချုပ်ဟန့်တားရေးကို ချွင်းချက်မထားတဲ့ မူဝါဒ လမ်းညွှန်ချက်တို့ဖြင့် စီမံဆောင်ရွက်နေခဲ့ပါတယ်။
လတ်တလော သီတင်းပတ်များအတွင်း ပြည်နယ်အဆင့် နယ်မြေတွေမှာ ထိတွေ့မှုခြေရာခံခြင်း၊ ကူးစက်မှုအန္တရာယ်ရှိတဲ့ နေရာတွေမှာ လူတွေကို တစ်ကြိမ်မက ကျန်မာရေးစစ်ဆေးခြင်း၊ ဖျော်ဖြေရေးနေရာများနဲ့ ယဥ်ကျေးမှုဆိုင်ရာ နေရာများ ပိတ်ထားပြီး ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးကို ကန့်သတ်ခြင်းတို့ဖြင့် ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်နေခဲ့ပါတယ်။
(Photo: Reuters)
သို့သော် တရုတ်အရှေ့မြောက်ပိုင်း Dalian မြို့မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရကြောင်း ကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ Wu Liangyou က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ Dalian မြို့မှာ ဒယ်လ်တာဗိုင်းရပ်စ် ပြည်တွင်းကူးစက်လူနာများကို နိုဝင်ဘာ ၄ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး လူဦးရေ ၇.၅ သန်းရှိတဲ့ ထိုမြို့မှာ တစ်ရက်လျှင် ကူးစက်မှုအသစ် ပျမ်းမျှ ၂၄ ခုခန့် တွေ့ရှိနေရာ အခြား တရုတ်မြို့တွေထက် ပိုများနေကြောင်း Reuters တွက်ချက်မှုက ဆိုပါတယ်။
Dandong ၊ Anshan နဲ့ Shenyang အပါအဝင် Dalian မြို့အနီးရှိ မြို့အနည်းငယ်က Dalian မှ လာရောက်သူတွေကို ၁၄ ရက်ကြာ ကွာရန်တင်းနေထိုင်စေပြီးမှ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမယ်လို့ ပြောထားပါတယ်။ နိုဝင်ဘာ ၁၄ ရက်အထိ တရားဝင် စာရင်းတွေအရ တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၉၈,၃၁၅ ဦးနဲ့ သေဆုံးသူ ၄,၆၃၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။