တူနီးရှားအစိုးရအနေနဲ့ ဘောလုံးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေမယ်ဆိုရင် လာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနေ တူနီးရှားကို ဖယ်ထုတ်ရလိမ့်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ဖီဖာရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဥပဒေနဲ့ နိုင်ငံရေးကိစ္စတွေကနေ ကင်းရှင်းစေရမယ့်ဆိုတဲ့ စည်းမျဉ်းကို လိုက်နာရမှာလည်းဖြစ်ပါတယ်။
ဖယ်ဒရယ်ဗျူရိုကို ဖျက်သိမ်းမယ့် အခြေအနေနဲ့ပတ်သက်ပြီး တူနီးရှားလူငယ်နဲ့အားကစားဝန်ကြီးဖြစ်သူ ကာမယ်လ်ဒီဂွီချီက ထပ်တလဲလဲမှတ်ချက်ပြုမှုတွေကြောင့် ဖီဖာဘက်ကနေ သတိပေးမှုတွေနဲ့ ပြန်တုံ့ပြန်ခဲ့တာပါ။ တူနီးရှားအားကစားရေးရာဝန်ကြီးဌာနတခုဘက်က ဒီလိုမျိုးတွေ ပြောဆိုနေတာဟာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ ဖီဖာက ယူဆနေပြီး ရှင်းလင်းချက်ပေးဖို့လည်း တောင်းဆိုထားတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဖီဖာက တူနီးရှားကလပ်အသင်းတွေ ဒါမှမဟုတ် နိုင်ငံအဆင့်လက်ရွေးစင်အသင်းတွေကို သက်ဆိုင်ရာတိုက်ကြီးတွေ ဒါမှမဟုတ် နိုင်ငံတကာပြိုင်ပွဲတွေကနေပါ ဖယ်ထုတ်ခံရမယ်လို့ သတိပေးမှုလည်းဖြစ်ပါတယ်။ တူနီးရှားကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ထားပြီး အုပ်စုအဆင့်မှာ ပြင်သစ်၊ ဒိန်းမတ်၊ ဩစတြေးလျတို့နဲ့ ရင်ဆိုင်ရမှာပါ။
ဖီဖာအနေနဲ့ နိုင်ငံရေးနဲ့စပ်လျဉ်းကာ နိုင်ငံအသင်းတွေကို ထုတ်ပယ်မှုတွေကို ပြုလုပ်ခဲ့ဖူးပြီး လောလောဆယ်အားဖြင့် ရုရှားကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခြင်းကနေ ပိတ်ပင်ထားပါတယ်။ ဒ့ါအပြင် အီရန်နိုင်ငံရေးအခြေအနေတွေကြောင့် အီရန်ကိုလည်း ဖယ်ထုတ်ဖို့အတွက် တောင်းဆိုမှုတွေကို လက်ခံရရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့လည်း ဖီဖာကို ယူကရိန်းဦးဆောင်ကာ ဖိအားပေးမှုတွေရှိနေပါတယ်။