လာမယ့် ရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ပါဝင်ရွေးကောက်ခံတော့မှာ မဟုတ်တော့ဘဲ နိုင်ငံရေးကနေလည်း အနားယူတော့မယ်လို့ ဆိုပါတယ်

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက လာမယ့်နှစ် ရွေးကောက်ပွဲမှာ ဒုတိယသမ္မတအဖြစ် ပါဝင်ယှဥ်ပြိုင် ရွေးကောက်ခံမှာ မဟုတ်တော့ဘဲ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ယနေ့ (အောက်တိုဘာ ၂ ရက်) ကြေညာလိုက်ပါတယ်။

(ဖိလစ်ပိုင်သမ္မတ ဒူတာတေး) (Photo: EPA)

ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသက်တမ်းကို ခြောက်နှစ်အဖြစ် တစ်ကြိမ်သာ တာဝန်ယူခွင့်ပြုထားရာ ဒူတာတေးအနေနဲ့ နောက်ထပ် သမ္မတသက်တမ်းကို ဆောင်ရွက်ခွင့်မရှိပါဘူး။ ထိုအခြေအနေအရ သမ္မတဒူတာတေးဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဒုသမ္မတနေရာအတွက် ပါဝင်ယှဥ်ပြိုင်သွားမယ်လို့ ပြီးခဲ့တဲ့လအတွင်း ပြောထားခဲ့ဖူးပါတယ်။



သို့သော် ယခုအခါမှာတော့ ဒုသမ္မတအဖြစ် ပါဝင်ရွေးကောက်ခံတော့မှာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေးကနေလည်း အနားယူတော့မယ်လို့ ဒူတာတေးက အံ့အားသင့်ဖွယ် ကြေညာလိုက်ပါတယ်။ အသက် ၇၆ နှစ်အရွယ် ဒူတာတေးက နိုင်ငံရေးကနေ အနားယူလိုက်ခြင်းဟာ ၎င်းရဲ့နေရာကို သမီးဖြစ်သူ ဆက်ခံနိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာပါတယ်။

(ဒူတာတေးရဲ့သမီး ဆာရာ) (Photo: Reuters)

ဒူတာတေးရဲ့သမီး ဆာရာ ဒူတာတေးကာပီရိုက လာမယ့်နှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပါဝင်ယှဥ်ပြိုင်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ အသက် ၄၃ နှစ်အရွယ် ဆာရာက လက်ရှိမှာ ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ယူးထားပါတယ်။ ဒူတာတေးဟာ အငြင်းပွားဖွယ် သဘောထားတင်းမာပြီး အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ၎င်းရဲ့သက်တမ်း ငါးနှစ်အတွင်းမှာ ဒူတာတေးဟာ ထောင်နဲ့ချီတဲ့ မူးယစ်ဆေးဝါးမှု သံသရှိသူတွေကို ဥပဒေကျော်လွန် သတ်ဖြတ်ရန် ရဲတပ်ဖွဲ့ကို အားပေးခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ 

နောက်ဆက်တွဲသတင်းအရ ၎င်းရဲ့သမီးက ၂၀၂၂ ခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ဒူတာတေးက ပြောကြောင်း သိရပါတယ်။

Ref: BBC, Reuters

Share

Loading Next Article...
က္က