ဒီဇူးဘားကို ဇင်ချန်ကိုက လှလှပပတုံ့ပြန်လိုက်တာပါ။

မန်စီးတီးရဲ့ ယူကရိန်းကစားသမား ဇင်ချန်ကိုက ရုရှားအသင်းခေါင်းဆောင် ဒီဇူးဘားရဲ့ ပြောစကားတွေအပေါ် ချက်ကျလက်ကျနဲ့ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဇင်ချန်ကိုဟာ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ ဒီဇူးဘားကို စတင်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။



အဲ့ဒီနောက် ဒီဇူးဘားက သူ့အနေနဲ့ နိုင်ငံရေးနဲ့အားကစားမသက်ဆိုင်ဘူးဆိုတဲ့ အကြောင်းအရာနဲ့အတူ ဇင်ချန်ကိုရဲ့ ပြောစကားတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဇင်ချန်ကိုက ဒီဇူးဘားရဲ့ ပြောစကားတွေကို ချက်ကျလက်ကျနဲ့ ဆိုရှယ်မီဒီယာပေါ်ကတဆင့် ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။

ဇင်ချန်ကိုက “ငါတို့အငြင်းအခုံအတွက် မင်းရဲ့ဝှက်ဖဲက “အားကစားက နိုင်ငံရေးနဲ့မဆိုင်ဘူးတဲ့လား” ဟုတ်ပါတယ်။ အားကစားဆိုတာ ရွေးကောက်ပွဲလှုပ်ရှားမှုတွေ၊ ပါတီနိုင်ငံရေးတွေ၊ ကြွေးကြော်သံတွေ၊ လူထုဆက်ဆံရေးလှုပ်ရှားမှုတွေနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် အားကစားဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲလေကွာ”

“ဘဝရဲ့ဘယ်လိုမျိုး နယ်ပယ်မှာမဆို အားကစားကို ဘေးဖယ်ထားလို့မရပါဘူး။ အထူးသဖြင့် စစ်ပွဲ၊ ရန်လိုမှု၊ သတ်ဖြတ်မှုတွေနဲ့ သက်ဆိုင်လာရင်ပေါ့။ ဒီလိုမျိုးနှိပ်ကွပ်မှုတွေကို လူတိုင်းက တွန်းလှန်ရမှာပေါ့။ ဒီလောက်ရန်လိုနေတဲ့ နိုင်ငံကို ပိတ်ဆို့အရေးယူဖို့ ငါတို့ယူကရိန်း ကစားသမားတွေက ဘာကြောင့် တောင်းဆိုနေရတာလဲ?”

“မင်းတို့ရဲ့ စိတ်တိုင်းကျလုပ်ပိုင်ခွင့်ကို တားဆီးပိတ်ဆို့စေဖို့ ဆန္ဒရှိနေတယ်လို့ ထင်နေတာလား? မဟုတ်ပါဘူး၊ ရန်လိုနေတဲ့နိုင်ငံတနိုင်ငံကို ရပ်တန့်ဖို့အတွက် သူတို့ရဲ့ရည်မှန်းချက်တွေကို ရပ်တန်ဖို့အတွက် နည်းလမ်းအားလုံးကို အသုံးပြုနေတာပါ။ မကောင်းမှုတွေကို အပြစ်ပေးရမှာပေါ့။ ငါတို့နိုင်ငံ နယ်နိမိတ်ကို မင်းတို့က လက်နက်နဲ့ဖြတ်ကျော်ဝင်ရောက်တော့ ပိတ်ဆို့အရေးယူမှုတွေက မင်းတို့ဆီ တံခါးပြန်ခေါက်နေပါပြီ”

“နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ရုရှားကစားသမားတွေရဲ့ လက်ထဲမှာ သန်းပေါင်းများစွာသော ပရိသတ်တွေရှိပါတယ်။ လူတွေက မင်းတို့ကိုချစ်တယ်၊ အားပေးထောက်ခံတယ်၊ မင်းတို့ပြောတာတွေကို နားထောင်နေကြပါတယ်။ ဒီတော့ ဒီလိုအချိန်မျိုးမှာ ပါးစပ်ပိတ်ပြီး အသာလေးနေနေတာက ပြစ်မှုမြောက်တာပေါ့” လို့ တုံ့ပြန်ရေးသားသွားခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က