ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက မန်စီးတီးနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့ပြီး မန်စီးတီးရရှိသွားတဲ့ ချေပဂိုးက ပြောစရာတွေရှိခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်းမှာ ဗီနီရှပ်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် (၆၇) မိနစ်မှာ ဒီဘရိုင်းက ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးမတိုင်ခင်မှာ ဘောလုံးက ဘေးစည်းကျော်ခဲ့တာ ထင်ရှားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အန်ဆယ်လော့တီကတော့ ဒီဖြစ်ရပ်ကို အတော်လေး ပေါက်ကွဲခဲ့ပြီး ပွဲအပြီးမှာလည်း “ဘောလုံးက ဘေးစည်းကျော်သွားပါပြီ။ အဲ့ဒီမတိုင်ခင်မှာလည်း ဒိုင်လူကြီးက ထောင့်ကန်ဘောကို မပေးခဲ့ပါဘူး။ ဒီဒိုင်လူကြီးက တော်တော်လေးကိုမှ အာရုံမစိုက်တာပါ။ သူက ကျွန်တော့်ကိုတောင် အဝါကတ်ပြလိုက်ပါသေးတယ်”
“အဲ့ဒါတွေကို ကွင်းထဲမှာ လုပ်ရမှာ။ ကွင်းပြင်မှာ လုပ်ရမှာမဟုတ်ဘူးလို့တောင် ကျွန်တော် သူ့ကို ပြောလိုက်ပါသေးတယ်။ ဘောလုံး ဘေးစည်းကျော်သွားတာ ကျွန်တော်ပဲ ပြောနေတာ မဟုတ်ပါဘူး။ နည်းပညာတွေကအစ သက်သေပြနေတာပါ။ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ကွင်းထဲမှာလည်း ကစားသမားတွေကို အဝါကတ် ပိုမိုပြသရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
အသင်းနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက “ကျွန်တော်တို့ တိုက်ပွဲဝင်နိုင်ခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပွဲကောင်းတစ်ပွဲပါ။ ဒါပေမယ့် သရေရလဒ်က ကျွန်တော်တို့အတွက် ဆုလာဘ်မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအဆင့်က နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ရတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။