ပရီးမီးယားလိဂ်ပွဲစဥ် (၆) စနေညရဲ့ နောက်ဆုံးပွဲမှာတော့ ဘရန့်ဖို့ဒ်နဲ့လီဗာပူးတို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပြည့်ပေးနိုင်ခဲ့ပြီး တစ်ဖက် (၃) ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အိမ်ရှင်ဘရန်ဖို့ဒ်က ဒီပွဲမှာ သူတို့ရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ တိုနေး၊ မမ်ဘူမို၊ ကာနို့စ်၊ အွန်ယီကာ၊ အေဂျာတို့ကို အဓိကအားပြုပြီး လီဗာပူးကို ရင်ဆိုင်ခဲ့တာပါ။
ပွဲကစားချိန် (၇) မိနစ်မှာ ဆာလာရဲ့ကန်သွင်းမှုကို ဘရန့်ဖို့ဒ်နောက်ခံလူ အေဂျာ ဂိုးစည်းပေါ်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ မမ်ဘူမိုရဲ့ ကန်ချက်ကိုလည်း လီဗာပူးနောက်ခံလူ မာတစ်ပ် ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့တာကြောင့် ဂိုးတွေစောစောစီးစီးမမြင်တွေ့ခဲ့ရတာပါ။
ဒီပွဲမှာ ဘရန့်ဖို့ဒ်က လီဗာပူးကို ရှိန်မနေခဲ့ဘဲ အကောင်းဆုံးတုံ့ပြန်ခဲ့တာကြောင့်လည်း ပွဲကမြိုင်ဆိုင်ပြီး ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် (၂၆) မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လီဗာပူးအတွက် ဆာလာက ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပေမယ့် (၁၀) မိနစ်မပြည့်ခင်မှာပဲ ဂျာနက်က ဘရန့်ဖို့ဒ်အတွက် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆာလာကတော့ ဒီပွဲက သွင်းဂိုးကြောင့် လီဗာပူးကစားသမားဘဝ ဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ ဝုလ်ဗ်တို့ကို အနိုင်ရရှိထားတဲ့အပြင် ရှုံးပွဲ (၁) ပွဲသာ ကြုံတွေ့ထားရသေးတဲ့အသင်းပီပီ လီဗာပူးကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာက ချီးကျူးစရာပါ။
ဒါပေမယ့် အသင်းက ဂိုးသွင်းပြီးပြီးချင်းမှာ အာရုံစူးစိုက်မှုလျော့နည်းတတ်တာကို သတိထားဖို့ လိုအပ်ပြီး ပထမဂိုးသွင်းပြီး (၄) မိနစ်အကြာ၊ ဒုတိယဂိုးသွင်းပြီး (၄) မိနစ်အကြာမှာ ဂိုးတွေပြန်ပေးခဲ့ရတာက တိုက်ဆိုင်မှုလို့မဆိုနိုင်ပါဘူး။ ဂျာနက်ဂိုးသွင်းပြီး (၄) မိနစ်အကြာ ပွဲကစားချိန် (၆၆) မိနစ်မှာပဲ လီဗာပူးကွင်းလယ် ကာတစ်ဂျုံးစ်ရဲ့ ဧရိယာပြင်ပက အမှတ်မထင်ကန်ချက် ဂိုးဝင်ခဲ့တာကြောင့် လီဗာပူးတို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒါက လီဗာပူးအတွက် မလုံလောက်ခဲ့ဘဲ ပွဲကစားချိန် (၈၁) မိနစ်မှာ လူစားဝင်ကစားသမား ဝစ်ဆာက ဘရန့်ဖို့ဒ်အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နှစ်ဖက်အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပေမယ့် သွင်းဂိုးတွေကို ထပ်မံမမြင်တွေ့ခဲ့ရတာကြောင့် လီဗာပူးတို့ အဝေးကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီတစ်မှတ်ကလည်း လီဗာပူးအတွက် အကျိုးရှိတယ်လို့ဆိုနိုင်ပြီး ဒုတိယနေရာက မန်စီးတီးထက် (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။