မကြာခင်မှာ အယ်လ်ကလက်စီကိုပွဲစဉ် ကစားရတော့မှာပါ။

အိုဆာဆူနာနဲ့ပွဲမှာ ဘာစီလိုနာအတွက် ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက် ဖာရန်းတောရက်စ်က သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်လိုအဆင့်မျိုးရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးကနေ ဘာကာကိုပြောင်းရွှေ့လာခဲ့တဲ့ တောရက်စ်ဟာ အသင်းအတွက်ပင်နယ်တီ ဂိုးတဂိုးအပါအဝင် ၂ ဂိုးအထိသွင်းယူပေးခဲ့ကာ အခုဆိုရင် ပြိုင်ပွဲစုံသွင်းဂိုး ၄ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

ဘာစီလိုနာကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှုတွေပြုလုပ်ခဲ့ပြီးနေ​ောက် ရလဒ်တွေဆက်တိုက်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာလည်း နာပိုလီကို ကျော်ဖြတ်နိုင်ခဲ့သလို လာလီဂါမှာလည်း အဆင့် ၃ နေရာအထိ ရောက်ရှိလာခဲ့ကာ ဘယ်သူကမှမျှော်လင့်မထားတဲ့ အနေအထားတခုကို ပြသနေခဲ့တာလည်းဖြစ်ပါတယ်။

တောရက်စ်က "နိုင်ပွဲအတွက် အရမ်းပျော်ရွှင်မိပါတယ်၊ ကျနော်တို့ ပွဲကောင်းတပွဲမကစားနိုင်ခဲ့ဘူးဆိုရင် အရေးကြီးဆုံးက အသင်းရဲ့တုံ့ပြန်မှုပါ၊ ကျနော်တို့က ကိုယ့်ကိုကိုယ်ပြန်ပြီးဝေဖန်ပါတယ်၊ ဒမ်ဘီလီဆိုလည်း အရည်အသွေးရှိတယ်ဆိုတာ ကျနော်တို့သိတယ်၊ သူကစားတာကို ကျနော်အများကြီးကြည့်ဖူးပါတယ်၊ အခုဆိုရင် ကျနော်တို့ အယ်လ်ကလက်စီကိုပွဲကစားရဖို့ရှိနေပါပြီ"

"ဒါပေမယ့် ဂါလာတာစာရေးနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲကိုပဲ အရင်ဆုံးအာရုံစိုက်ထားပါတယ်၊ တူရကီမှာ ကျနော်တို့ အနိုင်ရဖို့လိုအပ်ပြီး အဲဒါပြီးတော့မှ အယ်လ်ကလက်စီကိုအတွက် စဉ်းစားပါတော့မယ်၊ မက်ဒရစ်က အကောင်းဆုံးအဆင့်တခုမှာရှိနေသလို ကျနော်တို့ကလည်း အတူတူပါပဲ" လို့ ပြောဆိုခဲ့ကြောင်း Barcablaugranes က ဖော်ပြခဲ့ပါတယ်။ 

လာလီဂါမှာတော့ ရီးရဲလ်နဲ့ ဘာကာတို့ကြားမှာ ရမှတ် ၁၂ မှတ်ကွာဟနေသေးတာဖြစ်ပါတယ်။ ပွဲစဉ် ၂၇ သာ ရှိသေးတာမို့ ဘာစီလိုနာအတွက် ချန်ပီယံဆုမျှော်လင့်ချက်ကရှိနေသေးတယ်လို့ ဆိုနိုင်ပါသေးတယ်။ လက်ရှိခြေစွမ်းကို ထိန်းသိမ်းထားမယ်၊ ပြိုင်ဘက်အသင်းတွေခြေချော်မယ်ဆိုရင် အခွင့်အရေးရနိုင်မှာဖြစ်ကာ အယ်လ်ကလက်စီကိုပွဲက အရေးပါတဲ့ပွဲတပွဲဖြစ်လာဖို့ရှိနေပါပြီ။ 

Share

Loading Next Article...
က္က