ယူနိုက်တက်တို့ ခြေစမ်းပွဲမှာ နိုင်ပွဲတွေဆက်နေခဲ့တာပါ။

တန်ဟက်ခ်ကတော့ လက်ရှိနွေရာသီခြေစမ်းပွဲမှာ တည်ငြိမ်တဲ့လူစာရင်းကိုပဲ အဓိကဦးတည်ပြီး ပွဲထွက်နေခဲ့တာကို တွေ့ရပါတယ်။ ဒီအထဲမှာ လီဆန်ဒရို၊ အဲရစ်ဆင်တို့ ထပ်ပေါင်းဖို့ရှိပြီး ဘယ်သူတွေ ဘယ်လိုနေရာပျောက်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပါ။



ဒီပွဲမှာလည်း တန်ဟက်ခ်က အဓိက,ကစားသမားစုံစုံလင်လင်နဲ့ ပွဲထွက်ခဲ့ပြီး ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကစားကွက်တည်ဆောက်ပုံ၊ တိုက်စစ်ပိုင်းနဲ့ ယုံကြည်မှုက တပွဲထက်တပွဲ ပိုမိုကောင်းမွန်လာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မာရှယ်လ်ရဲ့ ကန်ချက်ကို ဘတ်လန်းကာကွယ်ရင်း လက်မှာ ဒဏ်ရာရခဲ့သလို မက်ဂွိုင်းရားရဲ့ ကန်ချက် ဂိုးပေါက်မတည့်ခဲ့တာ၊ မာရှယ်လ်ရဲ့ ပိတ်သွင်းမှု ဘောလုံးကို မထိလိုက်တာတွေကြောင့် ပထမပိုင်းမှာ တဂိုးသာရခဲ့ပါတယ်။

ဒီသွင်းဂိုးကိုတော့ ဒါလော့ရဲ့ဖြတ်တင်ဘောကတဆင့် မာရှယ်လ်က ရင်ဘတ်နဲ့တချက်ထိန်းပြီး လှလှပပ ကန်သွင်းခဲ့တာပါ။ မာရှယ်လ်က လီဗာပူး၊ မဲလ်ဘုန်းဗစ်ထရီတို့နဲ့ပွဲတွေမှာလည်း ဂိုးသွင်းနိုင်ခဲ့ပြီး အခုပွဲနဲ့ဆိုရင် တန်ဟက်ခ်ရဲ့ ယူနိုက်တက်နည်းပြဘဝ အဖွင့်ပွဲ (၃) ပွဲဆက်တိုက် ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းစစချင်း ယူနိုက်တက်တို့ ထူးထူးခြားခြား တွမ်မီနေးနေရာ ဗန်ဒီဘိခ်ဝင်လာတာကလွဲလို့ အပြောင်းအလဲမရှိခဲ့ပါဘူး။ အဲ့ဒီနောက် (၄၇) မိနစ်မှာပဲ ဆန်ချို၊ မာရှယ်လ်၊ ဗန်ဒီဘိခ်တို့ရဲ့ တွဲလုံးကနေ တဆင့် ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် အပိုင်ကန်သွင်းယူပြီး ယူနိုက်တက်တို့ ဒုတိယမြောက်ဂိုးရရှိခဲ့ပါတယ်။

တိုက်စစ်မြားဦးမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ မာရှယ်လ်ရဲ့ ဖန်တီးမှုကတဆင့် ဆန်ချိုက အကောင်းဆုံး အဆုံးသတ်ကန်သွင်းယူပေးခဲ့ပြန်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ချေပဂိုးတဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပြီး ပွဲကစားချိန် (၆၅) မိနစ်မှာတော့ ယူနိုက်တက်က ကစားသမားအပြောင်းအလဲတွေ ထပ်မံပြုလုပ်ခဲ့ပြီး ဝီလ်ဖစ်ချ်၊ ဒီယာလို၊ ဟာနီဘယ်လ်၊ ချာလီဆားဗေ့ချ်၊ ဇီဒန်းအစ်ဘယ်လ်တို့ ဝင်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ ဂိုးထပ်မရတော့ဘဲ ခရစ္စတယ်ပဲလေ့စ်က နောက်ခံလူ ဂျိုရယ်လ်ဝါ့ဒ် ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ပြီး ချေပဂိုးတဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးက ဒီဂီယာရဲ့ အားနည်းချက်ကြောင့် ပေးလိုက်ရတာလည်းဖြစ်ပါတယ်။ လူငယ်နောက်ခံလူလေး ဝီလ်ဖစ်ချ် ပွဲပြီးခါနီးမှာ Last Defender အနေအထားနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက်တို့ ၃-၁ ဂိုးအနိုင်ရရှိခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က