မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်ဖြစ်တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဘာတင်တို့ပွဲမှာတော့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာက ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို ဂီုးပေါက်ပြန်ပျောက်ခဲ့သလို အသင်းနိုင်ပွဲရခဲ့တာကလည်း ဝေဖန်ခံရစရာတွေဖြစ်နေခဲ့ပါတယ်။ အကြောင်းကတော့ ကွင်းလယ်ဒိုင်က ဒုတိယပိုင်းနာကျင်အချိန်ပိုကို ၁၂ မိနစ်အထိပေးခဲ့ကာ ၁၅ မိနစ်အထိ ကစားစေခဲ့လို့ပဲဖြစ်ပါတယ်။
ဒီပွဲမှာ ဇယားအောက်ဆုံးက အယ်လ်ဘာတင်က ၁-၀ နဲ့ ပွဲကို ဦးဆောင်နေခဲ့တာက မိနစ် ၉၀ ပြည့်တဲ့အထိပါပဲ။ ဒါပေမယ့် နာကျင်အချိန်ပို ၁၂ မိနစ်အထိ ဒိုင်ကသတ်မှတ်ခဲ့ကာ အဲဒီ ၁၂ မိနစ်အတွင်းမှာပဲ အယ်လ်နာဆာက ၃ ဂိုးအထိ ပြန်သွင်းပြီး အနိုင်ရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာလည်း သူတို့အသင်း ဆက်ရှိနေခဲ့ပါတယ်။
အခုကတော့ ကွင်းလယ်ဒိုင်ရဲ့ နာကျင်အချိန်ပိုမိနစ် သတ်မှတ်မှုကို မေးခွန်းထုတ်နေကြပါတယ်။ အယ်လ်နာဆာ မနိုင်မချင်းကို ကစားခိုင်းမှာလားလို့ ပရိသတ်တွေက ပြောဆိုနေကြပြီး ရော်နယ်ဒိုပါတဲ့ အသင်းမို့ မျက်နှာသာပေးခဲ့တာလို့လည်း စွပ်စွဲနေကြကာ ဆော်ဒီပရိုလိဂ်အတွက် မျက်နှာပျက်စရာဖြစ်နေပါတယ်။
ဒုတိယပိုင်း ၄၅ မိနစ်ရဲ့ ၃ပုံ ၁ပုံအထိကို နာကျင်အချိန်ပိုပေးခဲ့တာဖြစ်ပြီး ဒါဟာ မိနစ် ၉၀ မှာ အနိုင်မရလို့ အချိန်ပိုဆက်ကန်ရတဲ့ ပုံစံလိုမျိုးလည်း ဖြစ်ခဲ့တာပါ။ ဒီလုပ်ရပ်က ကွင်းလယ်ဒိုင်မှာသာ တာဝန်ရှိတာဆိုပေမယ့်လည်း အယ်လ်နာဆာဖြစ်နေတာ၊ ရော်နယ်ဒိုဖြစ်နေတာဆိုတဲ့ အသံတွေပါ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီလို နာကျင်အချိန်ပိုမိနစ်အများကြီးပေးတာကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အမှန်တကယ်ဘောလုံးကစားချိန်ကို တွက်ချက်ပြီး အချိန်ဆွဲတာတွေပပျောက်အောက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။