နလန်ထစပြုလာချိန်မှာလည်း ယခင် ဖျားနာတဲ့အရှိန်ကြောင့် အစားအသောက်ပျက်တာမျိုး ဖြစ်တတ်ပါတယ်။

ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ် သာမန်ဖျားနာတာပဲဖြစ်ဖြစ် လူမမာအများစုဟာ အစားအသောက် စားမဝင်တဲ့ အခြေအနေမျိုးတွေကြုံကြရတတ်ပါတယ်။

Photo: Healthline



ဖျားနာပြီး (၃)၊(၄) ရက်အကြာမှာ လူနာအများစုဟာ ဘာမှမစားချင်ကြပေမယ့် အားအင်အပြည့်နဲ့ ပြန်လည်ကျန်းမာလာဖို့ အာဟာရရှိအောင် အစားဝင်အောင်စားရပါတယ်။ ဒါ့အပြင် ပြန်သက်သာလာတဲ့အချိန် နလန်ထစပြုလာချိန်မှာလည်း ယခင် ဖျားနာတဲ့အရှိန်ကြောင့် အစားအသောက်ပျက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Duwun က လူနာတွေအမြန်ဆုံးနလန်ပြန်ထူနိုင်အောင် အစားအသောက်ကို အာဟာရရှိစွာ ဘယ်လိုစားသုံးကြမလဲဆိုတာဝေမျှပေးသွားမှာဖြစ်ပါတယ်။

Photo: Dherbs

လူနာတွေ ပါးစပ်ပျက်တာဘာကြောင့်လဲ

လူတွေဟာ နေထိုင်မကောင်း ဖျားနာတဲ့အချိန်မှာ မိမိအနှစ်သက်ဆုံးအစားအစာကိုတောင် မစားချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်အပူချိန်မြင့်တက်နေချိန်မှာ ဘက်တီးရီးယားပိုးမွှားတွေက ခန္ဓာကိုယ်ထဲဝင်လာပြီး လူရဲ့ အနံ့ခံအာရုံတွေ၊ အရသာခံအာရုံတွေက ပျက်စီးသွားတာဖြစ်တယ်လို့ အာဟာရဆရာဝန် ဒေါက်တာညီညီကျော်က ပြောပါတယ်။ ဒါကြောင့် ဖျားနာနေတဲ့အချိန်မှာ ပါးစပ်ထဲကို ဘယ်လိုအစားအစားမျိုးပဲ ထည့်ထည့် မရသာမရှိတော့ဘဲ အစားစားချင်စိတ်တွေ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဒါကြောင့် ဖျားနာ၊ ကိုယ်ပူနေပြီဆိုရင် ဗိုက်ထဲကို အစာ ရှောရှောရှုရှုဝင်နိုင်အောင် ပျော့ပျော့ပြောင်းပြောင်းရှိတဲ့အစားအစာတွေကိုသာ ကျွေးကြရတာဖြစ်တယ်လို့ အာဟာရ ဆရာဝန်ဒေါက်တာညီညီကျော်က ရှင်းပြပါတယ်။

Photo: Healthline

လူနာအရင်ကကြိုက်နှစ်သက်တဲ့အစားအစာမျိုးကို ကျွေးကြည့်ပါ

အစားအသောက်ပျက်တဲ့လူနာတွေကို အစားဝင်လာအောင် ကျွေးတဲ့အခါမှာ လူနာရဲ့ အရင်တုန်းကစားခဲ့တဲ့ အစားအစာ၊ အရသာပေါ် အများကြီးမူတည်ပါတယ်။ ဥပမာ- ချဉ်ငံစပ်ကြိုက်တဲ့သူကို ချဉ်ငံစပ်လေးနည်းနည်းစကျွေးကြည့်တာ၊ အချိုချက်ကလေး ကြိုက်တဲ့သူဆို အချိုချက်ကလေးတွေ ပြန်ကျွေးကြည့်တာ ဒီလိုနည်းလမ်းနဲ့ အစားဝင်အောင် လုပ်လို့ရနိုင်တယ်လို့ အာဟာရဆရာဝန် ဒေါက်တာညီညီကျော်က အကြံပြုပါတယ်။ ဒါစားလိုက်ရင်တော့ လူနာမှာ အစားစားချင်စိတ်ဖြစ်လာစေတဲ့ အစားအသောက် ဆိုတာမျိုးတော့ မရှိပါဘူး။ အဓိကက လူနာရဲ့ အကြိုက်ပေါ်မူတည်ပါတယ်။ နေကောင်းတုန်းက ဘာအစားအစာ၊ ဘယ်လိုအရသာမျိုးကို ကြိုက်လဲဆိုတာကို ပြန်ပြီးကျွေးကြည့်နိုင်ပါတယ်။

နောက်တစ်ခုကတော့ အစားမဝင်တဲ့ လူနာတွေကို အစားဝင်မှဖြစ်မယ်။ အစားမဝင်ရင် နလန်ပြန်မထူနိုင်သလို နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သေချာပြောပြထားဖို့လိုပါတယ်။ ဒါမှသာလူနာက စားချင်စိတ်မရှိသည့်တိုင်အောင် အာဟာရပြည့်ဝအောင် စားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းက သာမန်အားဖြင့် ကြည့်ရင် မစားချင်တဲ့လူကို အတင်းထိုးကျွေးနေတာကြောင့် ရက်စက်ရာကျပေမယ့် ကျန်းမာရေးပြန်ကောင်းလာဖို့ဆိုရင် ဒီနည်းလမ်းကို အသုံးပြုဖို့ လိုပါတယ်။ ဒါပေမယ့် လူနာက အခြေအနေဆိုးဝါးလာလို့ ဘယ်လိုမှစားမဝင်ဘူးဆိုရင်တော့ နှာခေါင်းကနေ ပိုက်နဲ့ထိုးသွင်းတာမျိုး၊ အားဆေးသွင်းတာမျိုး စသဖြင့် ဆရာဝန်နဲ့တိုင်ပင်ပြီး အာဟာရဝင်အောင် ပြုစုပေးဖို့ လိုအပ်တယ်လို့ အာဟာရဆရာဝန် ဒေါက်တာညီညီကျော်က ဆိုပါတယ်။

Photo: Healthline

နာလန်ထစလူနာတွေကို ဘာချက်ကျွေးကြမလဲ

လူနာကို အာဟာရပြည့်ဝအောင် အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ် (၃) မျိုးလုံးပါအောင် ကျွေးရမှာဖြစ်ပါတယ်။ ဥပမာ- ဆန်ပြုတ်ကျွေးတယ်ဆိုရင်တောင် ဆန်ပြုတ်ကိုအရည်ကျဲကျဲ ကြက်သားလေးတစ်ဖတ်၊ နှစ်ဖတ်ပါတဲ့ ဆန်ပြုတ်မျိုး မကျွေးသင့်ပါဘူး။ နလန်ထစာလူနာဆိုတာ အစားများများမဝင်သေးပါဘူး။ သုံးလေးဇွန်းလောက်စားပြီးရင်တောင် တော်ပြီလို့ ပြောတတ်ကြပါတယ်။ ဒါကြောင့် လူနာကို နည်းနည်းနဲ့ ခဏခဏကျွေးတတ်ဖို့ လိုအပ်ပါတယ်။

လူနာက သုံးလေးဇွန်းလောက်သာ စားနိုင်ချိန်မှာ ခန္ဓာကိုယ်ထဲ အာဟာရအတော်အသင့်လေးဝင်သွားအောင် ချက်ပြုတ်ကျွေးတဲ့အခါ အာဟာရစုံစုံလင်လင်ပါဝင်တဲ့အစားအစာမျိုးချက်ကျွေးပါ။ ဥပမာ- ဆန်ပြုတ်ကျွေးမယ်ဆို ဆန်ပြုတ်သီးသန့်ကျွေးတာထက် ပဲထည့်ပြုတ်တာ၊ ကြက်သား (သို့မဟုတ်) ငါးထည့်ပြုတ်တာ စတဲ့ ပရိုတင်းဓာတ်ပါဝင်အောင် ထည့်ပြုတ်ကျွေးရမှာ ဖြစ်ပါတယ်။ အရသာလေးရှိအောင် ဆီ၊ ဆားစသဖြင့် ထည့်တာ ဒီလိုမျိုးတွေ ကျွေးဖို့လိုအပ်ပါတယ်။ မြူစွမ်၊ ခေါက်ဆွဲ၊ ကြာဇံစသဖြင့် ပြုတ်ကျွေးမယ်ဆိုပါကလည်း အသား၊ ငါး၊ ဆီ၊ ဆား စသဖြင့် အာဟာရဓာတ်စုံစုံလင်လင်နဲ့ အရသာရရှိလေး ချက်ပြုတ်ကျွေးပါ။

Photo: The Seattle Time

အာဟာရဓာတ်လုံးဝမရနိုင်တဲ့အရိုးပြုတ်ရည်

“အရေးကြီးဆုံးအချက် အနေနဲ့ အရိုးပြုတ်ရည်တွေ တိုက်တာသည် ဘယ်လိုနည်းနဲ့မှ လူနာအပေါ်မှာ ကျန်းမာရေးအတွက် အာဟာရလုံးဝမရှိနိုင်ပါဘူး။” လို့ အာဟာရဆရာဝန် ဒေါက်တာညီညီကျော်က ပြောပါတယ်။

“ကျွန်တော်အမြဲတမ်းကြားရတာက ကြက်တစ်ကောင်လုံးပေါင်းလိုက်တယ်။ ပေါင်းပြီး ထွက်လာတဲ့အရည်လေးကို ခွက်ကလေးနဲ့ ခံပြီး လူနာကိုတိုက်တယ်။ အဲဒါက ဘယ်လိုနည်းနဲ့မှ အာဟာရမရှိပါဘူး။တချို့ထင်ကြတာက ဒါသည် ကြက်တစ်ကောင်လုံးကထွက်လာတဲ့အရည်တွေဆိုတော့ အရမ်းအာဟာရရှိမယ်လို့ ထင်တတ်ကြပါတယ်။ အရည်ထွက်လာခြင်းသည် ကြက်သားရဲ့ ကြွက်သားတွေကြားထဲမှာရှိတဲ့ ရေတွေအပြင်ကို ထွက်လာတာဖြစ်ပါတယ်။ အရသာရှိကောင်းရှိပါလိမ့်မယ်။ ဒါသည် အာဟာရဓာတ်မဟုတ်ဘူးဆိုတာသိထားဖို့ အလွန်အရေးကြီးပါတယ်။” လို့ ဒေါက်တာညီညီကျော်က သတိပေးပါတယ်။

ဒါကြောင့် နလန်ထစလူနာကို အသားကျွေးမယ်ဆိုရင် အသားကိုပြည့်ဝအောင် ထည့်ပေးဖို့ လိုပါတယ်။ လူနာကို အရည်ပဲ တိုက်ချင်တယ်ဆိုပါကလည်း အဲဒီအရည်ထဲမှာ ကြက်သားကိုမျှင်ပြီးထည့်ပေးရမှာဖြစ်ပြီး တစ်နည်းနည်းနဲ့တော့ အသားဓာတ်ပါအောင်ကျွေးဖို့ လိုအပ်ပါတယ်။

Photo: Spicy Food Lover

အပူအစပ်တွေစားသင့်လား

ပါးစပ်ပျက်နေတဲ့နလန်ထစလူနာတွေ အစားစားတဲ့အခါ စားလို့ကောင်းအောင် အစားအသောက်ထဲမှာငရုတ်ကောင်းလေးဖြူးလိုက်တာ၊ ချဉ်စပ်လေး သံပုရာသီးနဲ့ငရုတ်သီးလေးထည့်ပြီး စားတာ ဒါမျိုးလေးတွေနဲ့ စားဝင်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် အလွန်အကျူးတော့ မစားသင့်ပါဘူး။ လူနာအနေနဲ့ အရမ်းချဉ်လွန်း၊ အရမ်းစပ်လွန်းတဲ့အစားအစာစားမယ်ဆိုရင် ဗိုက်နာတာ၊ ဝမ်းလျှောတာမျိုး နောက်ဆက်တွဲဖြစ်တတ်ပါတယ်။ တော်သင့်ရုံ ချဉ်ငန်စပ်အရသာမျိုးစားသုံးနိုင်ပါတယ်။

Photo: Serious Eat

လူနာမို့ကြက်ပြုတ်၊ဆန်ပြုတ်ပဲစားရတာမဟုတ်ပါဘူး

လူနာတွေ အဖတ်စစားနိုင်ပြီဆိုတာနဲ့ ပုံမှန်ချက်နေတာတွေကို စတင်ကျွးလို့ရပါတယ်။ နလန်ထစလူနာမို့လို့ ကြက်ပြုတ်ရည်၊ ဆန်ပြုတ်တွေပဲ စားရမယ်ဆိုတာ မျိုးမဟုတ်ပါဘူးး။ လူနာက ပါးစပ်ထဲ အကုန်ထည့်နိုင်ပြီဆိုရင် အကုန်သာကျွေးပါ။ တစ်ခုပဲရှိပါတယ်။ ရောဂါရဲ့ အခြေအနေအရ ဆရာဝန်က ဒီနေ့အတွက် အရည်ပဲသောက်ပါဆိုရင် အရည်ပဲတိုက်ပါ။ ဒီနေ့မှာ ဆန်ပြုတ်လို ခပ်ပျော့ပျော့အစာတွေ ကွှေးပါဆို အဲဒါမျိုးပဲကျွေးပါ။ ဆရာဝန်ရဲ့ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာပြီး ကျွေးဖို့ လိုပါတယ်။ ဆရာဝန်က စားနိုင်ရင် စစားတော့ဆိုပြီး ပြောလာပြီဆိုပါက လူနာစားချင်တဲ့အစားအစာတွေကို စကျွေးလို့ရပါတယ်။ အဓိကကတော့ မသန့်ရှင်းတဲ့လမ်းဘေးအစားအစာမျိုးတွေ မကျွေးဖို့ပါပဲ။ အိမ်မှာချက်ပြုတ်တဲ့ သန့်သန့်ရှင်းရှင်း လတ်ဆတ်တဲ့အစားအစာမျိုး ကျွေးဖို့ လိုအပ်ပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို Dr. Nutrition Page မှ အာဟာရဆရာဝန်ဒေါက်တာညီညီကျော်က ဝေမျှအကြံပြု ထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က