facebook ရဲ့ အစောဆုံးရင်းနှီးမြှပ်နှံသူလည်း ဖြစ်ပါတယ်

၂၀၀၅ ခုနှစ်ကတည်းက Facebook ပေါ် ရင်းနှီးမြှပ်နှံမှုလုပ်ခဲ့တဲ့ နာမည်ကျော် နည်းပညာရင်းနှီးမြှပ်နှံသူ ပီတာ သီးလ်ဟာ Meta ဘုတ်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်သွားပြီလို့ သိရပါတယ်။ 

Facebook ရဲ့ အစောဆုံးရင်းနှီးမြှပ်နှံသူတွေထဲက တစ်ဦးဖြစ်တဲ့ ဘီလျံနာပီတာသီးလ်ဟာ ၁၇ နှစ်အကြာမှာ ကုမ္ပဏီကို စွန့်ခွာသွားတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က thefacebook.com မှာ ဒေါ်လာ ၅ သိန်း စတင် ရင်းနှီးမြှပ်နှံခဲ့တဲ့ ပီတာသီးလ်ဟာ ၂၀၂၂ နှစ်ပတ်လည် အစည်းအဝေးမှာ ပြန်လည်ရွေးကောက်ခံရတော့မှာ မဟုတ်ဘူးလို့ Meta က ဆိုပါတယ်။ 




Photo: The Economic Times

သီးလ်ဟာ နာမည်ကျော် ဘဏ္ဍာရေးနည်းပညာလုပ်ငန်းတစ်ခုဖြစ်တဲ့ PayPal ကို ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်သလို နည်းပညာလောကထဲက အထင်ကရရင်းနှီးမြှပ်နှံရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကနေ ထွက်သွားတဲ့ သီးလ်ဟာ တခြားစိတ်ဝင်စားတဲ့အရာတွေအတွက် အချိန်ပေးတော့မှာ ဖြစ်တယ်လို့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်က ဆိုပါတယ်။ 

"ပီတာဟာ ကျွန်တော်တို့ ဘုတ်အဖွဲ့ရဲ့ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်တစ်ဦးပါ။ ကျွန်တော်တို့ကို ယုံကြည်ပေးခဲ့တာကနေ စီးပွားရေး ၊ ဘောဂဗေဒနဲ့ ကမ္ဘာလောကကြီးအကြောင်း သင်ခန်းစာတွေ အများကြီး သင်ကြားပေးခဲ့တဲ့အတွက်ပါ အရာရာအတွက် လေးလေးနက်နက် ကျေးဇူးတင်ရှိရပါတယ်။" လို့ မတ်ခ်ဇူကာဘတ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူအဖြစ် ထင်ရှားတဲ့ ပီတာသီးလ်ဟာ ၂၀၁၉ ခုနှစ်က Facebook လူမှုကွန်ရက်ပေါ် နိုင်ငံရေးသမားတွေအတွက် နိုင်ငံရေးကြော်ငြာတွေ ထည့်ခွင့်ပြုမှုကို ကာကွယ်ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ Meta ဘုတ်အဖွဲ့ကနေ နှုတ်ထွက်ပြီးနောက် ဒီနှစ် ကြားဖြတ်အတွက် ထရမ့်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန်အမတ်လောင်းတွေအောင်နိုင်ရေးကို ကူညီပေးသွားမယ်လို့ New York Times သတင်းက ဖော်ပြပြီး Meta က ဒါကို မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ 

Photo: Forbes


သီးလ်ဟာ တခြားကုမ္ပဏီဒါရိုက်တာတွေနဲ့ သူ့အကြား နိုင်ငံရေးတင်းမာမှုတွေကြောင့် ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက Facebook ဘုတ်အဖွဲ့ကနေ စွန့်ခွာဖို့ စဉ်းစားခဲ့တယ်လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။ သီးလ်ရဲ့ နိုင်ငံရေးလက်ဝဲယိမ်း အယူအဆပြင်းထန်မှုက နည်းပညာလောကထဲကနေ သူ့ပါဝင်မှုကို လျှော့ချဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ 

ဆက်စပ်သတင်းတစ်ပုဒ်အနေနဲ့ သီးလ်ထောက်ခံထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ Truth Social app နာမည်နဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကို ဒီနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ Apple App Store ပေါ် ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ 

Share

Loading Next Article...
က္က