ဘုန့်ဆိုတဲ့နာမည်ဆန်းလေးနဲ့အညာဒေသအစားစာဆိုင်‌လေးကအညာ‌‌မှာစားရတဲ့ဟင်းအမယ်တွေရဲ့အရသာကိုပေါ်လွင်စေမယ့်ဆိုင်လေးတစ်ဆိုင်ပါ။

စစ်ကိုင်း၊မုံရွာဘက်ခရီးသွားတဲ့အခါမှတ်မှတ်ရရစားကြရတဲ့နာမည်ကြီးအညာချက်ဟင်းတွေကို ရန်ကုန်မှာစားလို့ရတဲ့ထမင်းဆိုင်လေးညွှန်းဆိုပေးချင်ပါတယ်။



နာမည်ကြီးအညာချက်ဟင်း‌တွေရတဲ့ ဘုန့်

ဘုန့်ဆိုတဲ့နာမည်ဆန်းလေးနဲ့အညာဒေသအစားစာဆိုင်‌လေးကအညာ‌‌မှာစားရတဲ့ဟင်းအမယ်တွေရဲ့အရသာကိုပေါ်လွင်စေမယ့်ဆိုင်လေးတစ်ဆိုင်ပါ။ဆိုင်ရှင်ကမုံရွာဇာတိသူမို့ စစ်ကိုင်းမုံရွာတကြောမှာ စားလေ့စားထရှိတဲ့အညာချက်ဒေသအစားစာတွေကိုဒီဆိုင်မှာရနိုင်ပါတယ်။ဒီထဲမှာမှနာမည်ကျော်‌ညောင်ပင်ဝန်းကြက်အူချက်၊ရေတာရှည်ကြက်ကာလသားချက်လိုနာမည်ကျော်ဒေသဟင်းလျာလေးတွေလည်းရပါတယ်။

"အမမုံရွာသူပါ။ကိုယ့်အညာ‌‌ဒေသအစားစာတွေကိုယ်ချစ်တယ်။ကိုယ်တိုင်ကလည်း ဟင်းချက်ရတာကို ၀ါသနာပါတဲ့သူဆိုတော့ အညာ‌ဒေသဆိုင်လေးဖွင့်ချင်တဲ့စိတ်ကူးက ဟိုးတုန်းထဲကရှိခဲ့တာပါ။ဆိုင်လေးလုပ်မယ်ဆိုတော့လည်း အညာဘက်ကိုခရီးသွားတဲ့အခါစားရတဲ့နာမည်ကြီးအညာချက်ဟင်းလေးတွေကို ရောင်းချင်တယ်။အဲ့ဒါကြောင့်ဒီဆိုင်လေးဖွင့်ဖြစ်ခဲ့တာပါ"လို့ ဆိုင်ရှင်မယဥ်သီတာကပြောပါတယ်။

အညာအရွက်စုံအသုပ်လည်းအစုံရတယ်

ဒါ့အပြင် အညာမှာ‌‌စားကြတဲ့ အညာအရွက်သုပ်အစုံလည်းရပါတယ်။အညာအရွက်အစုံကိုဆီချက်မွှေးမွှေး၊ပဲမှုန့်ထွေးထွေးလေးနဲ့သုပ်ထားတဲ့အရသာက အညာဆန်လှပါတယ်။အရွက်သုပ်အတွက် လိုအပ်တဲ့ရွက်တွေကို မုံရွာကနေမှာယူတာပါ။အညာကုက္ကိုလ်ရွက်၊အညာမြင်းခွာရွက်၊ကြက်တက်ရွက်တို့‌အပါအ၀င်ရွေးချယ်စရာအရွက်သုပ်အမျိုးအစားစုံလင်လှပါတယ်။

"အမတို့ဆိုင်မှာ အညာအရွက်သုပ်တွေလဲရပါတယ်။အညာကိုလွမ်းလို့ပဲဖြစ်ဖြစ် အညာအရွက်အသုပ်လေးတွေကို ထမင်းနဲ့စားချင်လိုပဲဖြစ်ဖြစ်ဒီဆိုင်လေးမှာပြည့်ပြည့်စုံစုံလေးရအောင်စီစဥ်ထားပါတယ်။ဆိုင်မှာသုံးတဲ့ပါ၀င်ပစ္စည်းတိုင်းကိုလည်းမုံရွာကနေမှာတယ်။အဓိကကတော့အညာအရသာအတိုင်းလေးစားစေချင်တာပါ"လို့ မယဥ်သီတာကပြောပါတယ်။

အညာအိမ်ကိုအလည်သွားရသလိုခံစားရ 

ဆိုင်ရှင်အမရဲ့ဟင်းချက်လက်ရာကအညာအိမ်ကိုအလည်သွားရသလိုခံစားရစေပါတယ်။ရိုးရိုးရှင်းရှင်းနဲ့ချက်ပြုတ်ထားတဲ့ အညာဟင်းချက်လေးတွေနဲ့အရွက်စုံသုပ်ကအညာထမင်းဝိုင်းတွေကိုသတိရစေမှာပါ။ဒါ့အပြင်မှိုအညာချက်ဟင်းအတွက်ဆိုင်မှာစိုက်ထားတဲ့ငွေနှင်းမှိုကိုလက်လက်ဆက်ဆက်ခူးချက်ပေးလို့ စားသုံးသူတွေကနှစ်သက်ကြပါတယ်။မနက်စာအနေနဲ့လည်းခိုတောင်မုန့်တီရပါတယ်။

စျေးနှုန်း

ထမင်းစားမယ်ဆို ဟင်းအမျိုးစားလိုက်တခါပြင်ကို(၆၀၀၀)၊(၇၀၀၀)ကျပ်ဝန်းကျင်ကျသင့်မှာပါ။အညာအရွက်သုပ်တစ်ပွဲ(၃၅၀၀)ကျပ်၊အညာမှိုချက်တစ်ပွဲ(၃၅၀၀)ကျပ်၊ဗမာကြက်နဲ့ချက်တဲ့ရေတာရှည်ကြက်သားကာလသားချက်တစ်ပွဲ(၁၀၀၀ဝ)ကျပ်ဖြစ်ပါတယ်။

ဆိုင်လိပ်စာက

အမှတ်(၁၉၀)၊မဟာဗန္ဓုလလမ်း၊၃၇ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်မှာပါ။ဆိုင်ဖွင့်ချိန်က မနက်၇နာရီကနေ ည၉နာရီထိဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းနဲ့အညာထမင်း၀ိုင်းလေးလို စားကောင်းမယ့်ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က