ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဆာဟာက ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့လှုပ်ရှားတဲ့နေရာမှာ အရင်လိုအမှားအယွင်းတွေ မပြုလုပ်မိဖို့ အထူးသတိထားစေလိုကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ ကစားသမားတယောက်မှ မခေါ်ယူနိုင်သေးပါဘူး။
အသင်းဟာ အရင်အပြောင်းအရွှေ့တွေမှာ ဆန်းချက်ဇ်၊ ဒီမာရီယာ၊ ပေါ့ဘာ၊ မက်ဂွိုင်းရားတို့လို နာမည်ကျော်ကစားသမားတွေကို ကြေးကြီးပေးခေါ်ယူခဲ့ပေမယ့် ဒီကစားသမားတွေက အသင်းအတွက် ထိုက်တန်တဲ့ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ အခုလက်ရှိမှာလည်း ယူနိုက်တက်တို့ အလိုရှိနေတဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်အတွက် ဘာစီလိုနာက ယူရိုသန်း (၁၀၀) တောင်းဆိုနေပါတယ်။
အဲ့ဒါကြောင့်လည်း ဆာဟာက “ယူနိုက်တက်အနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ အလောတကြီး လူခေါ်တာမျိုးတွေမလုပ်ဖို့လည်း အရေးကြီးတာပေါ့။ ခေါ်သမျှ ကစားသမားတိုင်းကလည်း အသင်းရဲ့ဖလော်ဆော်ဖီနဲ့ ကိုက်ညီပြီး အသင်းရဲ့ စီမံကိန်းအတွက် အသုံးဝင်တဲ့ ကစားသမားတွေပဲဖြစ်သင့်ပါတယ်”
“ခင်ဗျား ပိုက်ဆံ ဘယ်လောက်ပဲသုံးသုံး၊ အရေးကြီးတာက အရည်အချင်းပါ။ အသင်းကိုဖျက်စီးမယ့် ကစားသမားအတွက်တော့ ခင်ဗျားတို့ ပေါင်သန်း (၁၀၀) သုံးဖို့ မလိုအပ်ပါဘူး။ အပြောင်းအရွှေ့မှာ မှန်မှန်ကန်ကန်လုပ်ရင် ပြိုင်ဘက်တွေရဲ့နောက်မှာ မကျန်ရစ်ခဲ့တော့ပါဘူး။ နာမည်ကြီးအသင်းတွေက ကြယ်ပွင့်ကစားသမားတွေကို ဆွဲဆောင်နိုင်ပါတယ်”
“ဒါပေမယ့် အသင်းတိုင်းမှာ သူတို့ပြဿနာနဲ့သူတို့ရှိပြီး ဒါကို ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း အပြောင်းအရွှေ့မှာ အလောတကြီး လူဝယ်တာမျိုးတွေ မလုပ်သင့်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။