မနီလာမြို့ရှိ ရုံးခန်းမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ဖိလစ်ပိုင်ဂျာနယ်လစ်နဲ့ Rappler သတင်းဝက်ဘ်ဆိုက်ရဲ့ CEO ဖြစ်သူ မာရီယာရက်စ်ဆာ ဖမ်းဆီးခံရကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အစိုးရကို ဝေဖန်လေ့ရှိပြီး သမ္မတဒူတာတေးနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ မာရီယာကို မနီလာမြို့ရှိ Rappler ရုံးခန်းမှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

(Rappler အကြီးအကဲ မာရီယာ) (Photo: Rappler)

Rappler အကြီးအကဲ မာရီယာကိုဖမ်းဆီးမှုဟာ ဖိနှိပ်မှုလုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ သမ္မတဒူတာတေးက ၎င်းရဲ့ထင်ရှားတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးကို ဝေဖန်ကြတဲ့ သတင်းမီဒီယာနယ်ပယ်နဲ့ ဥပဒေပြုလွှတ်တော်မှ ထင်ရှားသူတွေကို နှိပ်ကွပ်မှုတွေ ပြုလုပ်လာခဲ့ပြီးနောက် Rappler ရဲ့ CEO မာရီယာကိုလည်း ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။



မာရီယာ ဖမ်းဆီးခံခဲ့ရကြောင်းနဲ့ ယနေ့ညပိုင်းမှာ အာမခံရရန် ကြိုပမ်းသွားမယ်လို့ Rappler သတင်းဝက်ဘ်ဆိုက် ပူးတွဲတည်တောင်သူ ဘတ်သ် ဖရွှန်ဒိုဆိုက ပြောခဲ့ပါတယ်။ မာရီယာကို ဖမ်းဆီးမှုဟာ ၂၀၁၂ ခုနှစ် မေလအတွင်းက Rappler မှာ ရေးသားခဲ့တဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်နေကြောင်း အဆိုပါ သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Rappler သတင်းဝက်ဘ်ဆိုက်) (Image: Rappler)

Rappler အကြီးအကဲ မာရီယာဟာ သူမရဲ့ သတင်းလုပ်ငန်း လုပ်ဆောင်မှုတွေအတွက် ၂၀၁၈ ခုနှစ်မှာ Time မဂ္ဂဇင်းရဲ့ 'Person of the Year' အဖြစ် ရွေးချယ်ဖော်ပြခံခဲ့ရပါတယ်။ ထို့အတူ Rappler သတင်းဝက်ဘ်ဆိုက် ရုံးခန်းကိုလည်း ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်း (National Bureau of Investigations - NBI) မှ အေးဂျင့်တွေနဲ့ ကင်မရာတွေ ပတ်လည်ဝိုင်းပြီး စောင့်ကြည့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မာရီယာကို အသေရဖျက်မှုဖြင့် ယနေ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အာမခံငွေ တင်ပြပြီးပါက ပြန်လွတ်နိုင်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သို့သော် အာမခံကိစ္စ ဆောင်ရွက်မှုကို ရှင်းလင်းစွာမသိရဘဲ သူမအနေနဲ့ ယနေ့ညမှာ အကျဉ်းထောင်မှာ နေရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

(ဖိလစ်ပိုင်သမ္မတ ဒူတာတေး) (Photo: SCMP)

Rappler သတင်းဝက်ဘ်ဆိုက်ဟာ သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို ဝေဖန်ရေးသားမှုတွေကြောင့် လူသိများထင်ရှားလာခဲ့ပါတယ်။ ထိုနောက်ပိုင်းမှာ Rappler ကို အခွန်တိမ်းရှောင်မှု အပါအဝင် စွဲချက်များဖြင့် ဖိအားပေးမှုတွေ ရှိလာခဲ့တယ်လို့ဆိုပါတယ်။

ဖိလစ်ပိုင်အစိုးရက Rappler Holdings ကုမ္ပဏီ၊ မာရီယာနဲ့ ဝက်ဘ်ဆိုက်ရဲ့ စာရင်းကိုင်တို့ဟာ ၂၀၁၅ ခုနှစ်အတွင်း အခွန်ငွေ ပီဆို ၁၆၂.၅ သန်း (အမေရိကန်ဒေါ်လာ ၃ သန်း) ပေးဆောင်ရန်ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သမ္မတဒူတာတေးက Rappler သတင်းဝက်ဘ်ဆိုက်ကို သတင်းတုများရေးကြောင်း ပြောခဲ့ပြီး မာရီယာကို စွဲချက်တင်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်။

(ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်အချို့) (Photo: Reuters)

Rappler အကြီးအကဲ မာရီယာကို NBI က လာရောက်ဖမ်းဆီးမှုအား အဆိုပါ သတင်းဝက်ဘ်ဆိုက်မှ သတင်းထောက်တွေကို Twitter မှာ Live လွှင့်ခဲ့ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ကြပါတယ်။ NBI အရာရှိတွေက ဗီဒီယိုနဲ့ ဓာတ်ပုံရိုက်မှုတွေ မပြုလုပ်ကြရန် ညွှန်ကြားခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်သတင်းဝက်ဘ်ဆိုက် Rappler ကို မာရီယာနဲ့ သူမရဲ့ စွန့်ဦးတီထွင်သူနဲ့ ဂျာနယ်လစ် သူငယ်ချင်းများက၂၀၁၁ ခုနှစ် သြဂုတ်လမှာ MovePH အမည်ဖြင့် Facebook page အဖြစ် စတင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး ဝက်ဘ်ဆိုက်အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါ သက်တမ်း ၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က