ဂီတထူးချွန်ဆု အများအပြားရရှိထားတဲ့ ရက်ပ်အဆိုတော် နက်စီမင်နာ့ချ်က ဂီတလောကမှ အနားယူပြီလို့ ကြေညာလိုက်မှုက သူမရဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
(Photo: Dimitrios Kambouris/Getty Images)
နစ်ကီက မိသားစုပိုင်ဆိုင်တော့မှာဖြစ်လို့ ဂီတအလုပ်တွေကနေ အနားလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် နစ်ကီက အနားယူတော့မယ့်အကြောင်းကို သူမရဲ့ Twitter မှတစ်ဆင့် follower သန်း ၂၀ ကို ပြောခဲ့ပါတယ်။
နစ်ကီဟာ ယခင်က ကိုယ်ဝန်ရှိနေပြီ ဒါမှမဟုတ် လက်ထပ်လိုက်ပြီလို့ ထုတ်ဖော်ပြောထားခဲ့ခြင်း မရှိပါဘူး။ "ကျွန်မ အနာယူးဖို့နဲ့ မိသားစုပိုင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ၊ ကျွန်မသိတယ် ရှင်တို့တွေ အခု ပျော်နေကြတယ်ဆိုတာ၊ ကျွန်မရဲ့ပရိသတ်တွေအဖြစ် ဆက်ရှိနေပေးကြပါ၊ ကျွန်မ သေတဲ့အထိပေါ့လို့ ပရိသတ်တွေကို ပြောချင်ပါတယ်" လို့ နစ်ကီက Twitter မှာ ရေးထားပါတယ်။
(Photo: Kevin Mazur/Getty Images)
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့ နစ်ကီက သူမရဲ့ချစ်သူ Kenneth "Zoo" Petty နဲ့ လက်ထပ်ရန်စီစဉ်ထားတယ်လို့ ပြောခဲ့ဖူးပြီး သြဂုတ်လအတွင်း Twitter အမည်ကို Mrs. Petty လို့ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ နစ်ကီက မင်္ဂလာပွဲကျင်းပခဲ့ခြင်းရှိ မရှိ မပြောခဲ့ပါဘူး။
နစ်ကီဟာ ဂီတနယ်ပယ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပရိသတ်တွေ သိခဲ့ကြတဲ့ အဆိုတော်ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ သူမရဲ့ ပထမဆုံး ဂီတအယ်လ်ဘမ် Pink Friday ထွက်ရှိခဲ့ကာ အောင်မြင်မှုတွေရခဲ့ပါတယ်။ နစ်ကီဟာ အမေရိကန် American Music Awards ဆုကို ခြောက်ကြိမ်ရှိခဲ့တဲ့ အမျိုးသမီး ရက်(ပ်)အဆိုတော်လည်း ဖြစ်ပါတယ်။
(Photo: Reuters)
American Idol သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်လုပ်ခဲ့ပြီး အငြင်းပွားဖွယ် ဒိုင်တစ်ဦးအဖြစ်လည်း လူသိများခဲ့ပါတယ်။ နစ်ကီဟာ Time မဂ္ဂဇင်းက ရွေးချယ်ဖော်ပြခဲ့တဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ နစ်ကီက ဂီတအလုပ်တွေ မလုပ်တော့ဘဲ အနားယူတော့မယ်လို့ ကြေညာလိုက်မှုဟာ သူမရဲ့ပရိသတ်တွေအတွက် လုံးဝ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ သတင်းလည်းဖြစ်လာခဲ့ပါတယ်။ ရက်ပ်အဆိုတော် နစ်ကီဟာ ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံမှာ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ ကွင်းစ်အရပ်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။