မက္ကစီကိုနိုင်ငံရှိ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တွေကနေ နှစ်ကြိမ်တိုင် ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ မူးယစ်ရာဇာ ဂျိုအာကွင်း အယ်လ်ချက်ပို ဂုဇ်မန်းကို အမေရိကန်တရားရုံးက ဇူလိုင် ၁၇ ရက်မှာ ထောင်ဒဏ်တစ်သက်နဲ့ နောက်ထပ် ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ပါတယ်။
(ဂုဇ်မန်းကို အမေရိကန်သို့ လွှဲပြောင်းခဲ့စဉ်) (Photo: Reuters)
အသက် ၆၂ နှစ်အရွယ် နာမည်ကြီး မူးယစ်ရာဇာ ဂုဇ်မန်း (Joaquín "El Chapo" Guzmán) ဟာ မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်မှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် ပြစ်မှု ၁၀ ခုအတွက် အပြစ်ရှိကြောင်း နယူးယော့ခ်မြို့ရှိ ပြည်ထောင်စုအဆင့်တရားရုံးက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဂုဇ်မန်းဟာ မက္ကစီကိုမှာ နှစ်ကြိမ် အဖမ်းခံခဲ့ရပြီး ၎င်းကို လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားခဲ့ပေမဲ့ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်မှာ ၂၀၁၅ ခုနှစ်အတွင်း အကျဉ်းထောင်ကနေ ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းမှာ ဂုဇ်မန်းကို ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
(တရားခွင်မှ ဂုဇ်မန်းပုံကို ပန်းချီဖြင့် သရုပ်ဖော်ရေးဆွဲထားမှု) (Photo: Reuters)
ဂုဇ်မန်းဟာ မက္ကစီကို မူးယစ်ဆေးဝါးဂိုဏ်း စီနာလိုအာ (Sinaloa) ရဲ့ ဂိုဏ်းခေါင်းဆောင်ဟောင်းဖြစ်ပြီး အမေရိကန်ကို မူးယစ်ဆေးဝါး အများဆုံးတင်သွင်းခဲ့သူလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဂုဇ်မန်းကို အမေရိကန်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့စဉ် မျက်မြင်သက်သေတွေက ၎င်းဟာ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ရန်သူတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ထွက်ဆိုကြပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က တရားရုံးအမိန့်မချမီမှာ ဂုဇ်မန်းက ၎င်းကို အမေရိကန်က စိတ်ပိုင်းနဲ့ရုပ်ပိုင်း တစ်ရက်လျှင် ၂၄ နာရီ နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ စကားပြန်မှတစ်ဆင့် ပြောခဲ့ပါတယ်။ ဒါ့အပြင် မျှတတဲ့ တရားစီရင်မှု မဟုတ်ခဲ့ကြောင်းနဲ့ ဂျူရီအဖွဲ့ဝင်တွေဟာ မှားယွင်းလုပ်ဆောင်ကြကြောင်း ဂုဇ်မန်းက စွပ်စွဲခဲ့ပါတယ်။
(တရားရုံးအမိန့်ချမှတ်မှုကို တက်ရောက်ခဲ့သည့် ဂုဇ်မန်း၏ ဇနီး) (Photo: AFP/Getty Images)
ဂုဇ်မန်းကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ဟာ အနိမ့်ဆုံးဖြစ်ပြီး တရားမဝင် လက်နက်များကိုင်ဆောင်မှုအတွက်လည်း နောက်ထပ် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အြ့ပင် ဂုဇ်မန်းကို ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၂.၆ ဘီလီယံ ပေးဆောင်စေရန်လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။
ဂုဇ်မန်းဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံရမယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ မူးယစ်ရာဇာ ဂုဇ်မန်းဟာ Forbes မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ နံပါတ် ၇၀၁ ကနေ ရပ်တည်ခဲ့ဖူးပြီး ထိုစဉ်က ၎င်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဖြစ်ပါတယ်။
(ဂုဇ်မန်း၏ နေအိမ်တစ်အိမ်ကို စီးနင်းမှုအတွင်း တွေ့ရသည့်ငွေများ) (Photo: Daily Mail)
ဂုဇ်မန်းဟာ အမေရိကန်နိုင်ငံအတွင်း တန်ချိန်ရာနဲ့ချီတဲ့ ကိုကင်းများ တင်သွင်းနိုင်ရန် ကူညီနေခဲ့ကြောင်းနဲ့ ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ ဆေးခြောက် ထုတ်လုပ်ဖြန့်ဖြူးရန် စီစဉ်လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ ဒါ့အပြင် ၎င်းက လက်မရွံ့ လူဆိုးလူမိုက်များကို အသုံးပြုပြီး ရာနဲ့ချီတဲ့ လူသတ်မှုများ၊ တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများနဲ့ နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂုဇ်မန်းရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ၎င်းရဲ့ အဓိက လုပ်ဖော်ကိုင်ဖက်တွေက တရားရုံးမှာ သက်သေခံ ထွက်ဆိုခဲ့ကြကြောင်း သိရပါတယ်။
Source: BBC, Reuters, Daily Mail