မကြာခင် ကားပါကင်စနစ်ကို တစ်မြို့လုံး လုပ်သွားမှာပါ။

မန္တလေးမြို့ရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို ကားပါကင်နေရာ ဝယ်ခိုင်းမှာဖြစ်ပြီး မိမိဆရာတွေ ဖြစ်ပေမယ့် စည်းကမ်းက စည်းကမ်းသာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။


Photo - Ye Lwin Facebook



မကြာခင်၂ လမ်းမောင်းပြန်လုပ်မယ့် ၂၆-၃၅ လမ်းကြား ၈၁၊ ၈၂၊ ၈၃လမ်းတွေနဲ့ အရှေ့အနောက်ဖြတ်လမ်းတွေဖြစ်တဲ့ ၂၇-၃၄ လမ်းတွေမှာ ကားတွေကို ယာဉ်ကြောနဲ့အပြိုင်သာ ရပ်နားခွင့်ပေးတော့မှာဖြစ်ပြီး ပလက်ဖောင်းနဲ့ ၇ပေအတွင်းသာရပ်ရတော့မယ်လို့ မြို့တော်ဝန်က ရေးသားထားပါတယ်။

ဒါ့အပြင် ကားပါကင်ထိုးတာ မကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေအတွက် ထည့်စဉ်းစားရလို့ တစ်စီးရပ်ဖို့ ၁၇ပေအရှည်ပေးထားပါတယ်လို့လည်း ဆိုပါတယ်။ ယာဉ်တစ်စီးအတွက် ၇ပေ×၁၇ပေအကျယ် လေးထောင့်ကွက်တစ်ကွက်ရေးဆွဲပေးမှာဖြစ်ပြီး မီးပွိုင့်ထောင့်နဲ့ ပေ၁၀၀ ( ပေ၁၅၀ အစား) အတွင်း၊ မီးပွိုင့်မရှိတဲ့ လမ်းထောင့်နဲ့ ပေ၅၀အတွင်းနဲ့ ဝင်းကြားလမ်းထိပ်နဲ့ ၁၀ပေအတွင်းမှာ လုံးဝပေးရပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Photo- Ye Lwin Facebook

စားသောက်ဆိုင်၊ အရောင်းဆိုင်တွေအနေနဲ့မိမိဆိုင်ရှေ့နေရာကို လိုချင်ရင် အများပိုင်မြေ အသုံးပြုခအနေနဲ့ ကားတစ်စီးစာနေရာအတွက် တစ်လကို ၂သောင်းခွဲကျပ်ပေးသွင်းရမှာဖြစ်ပြီး ယခင်နှုန်းအရဆိုရင် ၂၇,၃၇၀ ကျပ်ပေးသွင်းရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ဆေးရုံကြီးအတွက် လမ်း၃၀ပေါ်မှာ ယာဉ်ကြောနဲ့အပြိုင်သာပေးရပ်တော့မှာဖြစ်ပြီးကားရပ်လို့ရမယ့်နေရာတွေကို ၂၉လမ်း ဆေးရုံကြီးနောက်ကျောမှာ precast မြောင်းနဲ့အစားထိုးလမ်းချဲ့၊ မြောက်ဖက်ခြမ်းကျူးရှင်းပြီးရင် ထောင်လိုက်ရပ်လို့ရအောင် လုပ်ပေးနေတယ်ဆိုပြီး မြို့တော်ဝန် ဦးရဲလွင်က ဆက်လက် ရေးသားထားပါတယ်။

ဒါ့အပြင် ဆေးတက္ကသိုလ်ကိုလာတဲ့ကားတွေအတွက်လည်း အောင်ဆန်းဆောင်နဲ့ အရင်ဗထူးဆောင်ကြားက ကန့်ကော်လမ်းသွယ်ကို ပေ၅၀ကျော်အကျယ်ရအောင်လုပ်ပြီး ၆ဝံစောင်းရပ်လို့ရအောင်ဆေးဆွဲပေးမှာဖြစ်ပြီး၇၄လမ်း ၃၀-၃၁ကြားကိုလည်း ပြန်ပြင်ပေးသွားပါမယ်လို့ ဆိုပါတယ်။

“ ဖော်ပြပါလမ်းတွေမှာရှိတဲ့ နာမည်ကြီး ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကိုလည်း parking area တွေဝယ်ခိုင်းရမှာပါ။ ကျနော့်ဆရာတွေပေမယ့်လည်း စည်းကမ်းကစည်းကမ်းမို့ပါ” လို့ မြို့တော်ဝန်က ပြောပါတယ်။

ကားပါကင် စနစ်ကို တစ်မြို့လုံးလွှမ်းခြုံမိတဲ့အထိ တဆင့်ချင်းလုပ်ဆောင်ပေးသွားမှာဖြစ်ပြီး စည်းကမ်းမဲ့လို့ ကျဉ်းသွားတဲ့လမ်းတွေကို ဦးစားပေးလုပ်သွားမယ်လို့ မြို့တော်ဝန်က ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က