အက်သလက်တီကိုမက်ဒရစ်ကစားသမား ယာအိုဖိလစ်ကတော့ အသင်းတွင်းမှာ အဆင်မပြေမှုတွေ ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းက ချယ်လ်ဆီးကို အငှားနဲ့သွားကစားခဲ့ရပြီးတော့ အသင်းကို ပြန်ရောက်ချိန်မှာ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကို အန်တိုနီယိုဂရစ်မန်းက လာမယ့်ရာသီမှာ ဝတ်ဆင်သွားတော့မှာဖြစ်လို့ လွှဲပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသားဟာ နည်းပြဆီမြွန်နီနဲ့လည်း အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်နေကာ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုမှာလည်း အသင်းကြီးနဲ့မဟုတ်ဘဲ လူငယ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေရတဲ့အထိ ဖြစ်နေပါတယ်။ ဒီအပေါ်မှာ ယာအိုဖိလစ်က တော်တော်လးပေါက်ကွဲနေခဲ့ပါတယ်။
လေ့ကျင့်ရေးကွင်းမှာ သူက အသင်းအားကစားဒါရိုက်တာ အန်ဒရိဘာတာနဲ့ အပြန်အလှန်စကားပြောဆိုမှုတွေရှိခဲ့ပြီး တချို့အချိန်တွေမှာ ဒေါသတကြီးနဲ့ ပြောဆိုနေတဲ့ အမူအယာတွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိအနေအထားအပေါ်မှာ ယာအိုဖိလစ်က တော်တော်လေးစိတ်ပျက်နေဟန်လည်းရှိကာ တက်ကြွမှုကင်းမဲ့နေခဲ့ပါတယ်။
လက်ရှိမှာတော့ ယာအိုဖိလစ်က အသင်းသစ်ရှာဖွေနေပြီဖြစ်ပါတယ်။ အသင်းဟောင်းဘင်ဖီကာ အပါအဝင် ကလပ်အသင်းအများအပြားက သူ့ကို စိတ်ဝင်စားနေပြီး ဘယ်အသင်းကို သူ ရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အေတီကိုကလည်း သူတို့ကစားသမားအတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုရရင် ရောင်းထုတ်ဖို့ရာ အသင့်ဖြစ်နေပါပြီ။