ရပ်ရှ်ဖို့ဒ်အတွက် ပစ်မှတ်တွေပါ သတ်မှတ်ပေးထားတာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အသင်းရဲ့တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်ကို နံပါတ်တစ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ထားပြီး ဒီကစားသမားကိုလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၀) အနည်းဆုံးရရှိဖို့ ပစ်မှတ်ထားပေးနေတယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို သူ့ရဲ့ အဓိကကျတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားခြင်းမရှိပါဘူး။



တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီခြေစမ်းပွဲတွေမှာ ဗဟိုတိုက်စစ်မှူးနေရာမှာ မာစီရယ်လ်ကို အဓိကထားသုံးစွဲခဲ့ပြီး မာစီရယ်လ်ကလည်း ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် မာစီရယ်လ်က အခုချိန်ထိ ယူနိုက်တက်အတွက် ပွဲချိန်ပြည့် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

သတင်းရင်းမြစ်က “နည်းပြက ရပ်ရှ်ဖို့ဒ်ကို နံပါတ်တစ်တိုက်စစ်မှူးအဖြစ် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်စေဖို့ ဆန္ဒရှိနေပါတယ်။ ရပ်ရှ်ဖို့ဒ်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တယောက်ဖြစ်လာနိုင်တယ်လို့ တန်ဟက်ခ်က ယုံကြည်နေပြီး ပွဲတွေမှာလည်း သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ တန်ဟက်ခ်က အလိုရှိနေပါတယ်။ အခွင့်အရေးရလာတိုင်း ပြေးအားနဲ့ကျွမ်းကျင်မှုကို အသုံးချဖို့ တန်ဟက်ခ်က ရပ်ရှ်ဖို့ဒ်ကို အမြဲတမ်းပြောနေတာပါ”

“နောက်ပြီး ရပ်ရှ်ဖို့ဒ်က ဒီရာသီမှာ ဂိုး (၂၀) လောက်တော့ အလွယ်လေးသွင်းနိုင်မယ်လို့လည်း ပြောနေသေးတာပါ” လို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်က လီဗာပူး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ရပ်ရှ်ဖို့ဒ် ဂိုးသွင်းခြေတွေ့ခဲ့တဲ့အပေါ်မှာလည်း နှစ်ထောင်းအားရဖြစ်နေတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဖော်တွေဟာ ရော်နယ်ဒိုနဲ့ပတ်သက်လို့တော့ သူပြန်လာချိန်မှာ ကျေနပ်ခဲ့ကြပေမယ့် ရာသီကြိုအစီအစဥ်တွေကို လွဲချော်ခဲ့တဲ့အပေါ်မှာတော့ စိတ်ပျက်နေကြပါတယ်။

ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း သူ့ကို ဗဟိုတိုက်စစ်မှူးနေရာ ထားကစားဖို့ တန်ဟက်ခ်ကို တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက် အကယ်ဒမီကနေ နည်းပြဟောင်း ဗန်ဟားလ်ရဲ့ စင်တင်ပေးမှုနဲ့အတူ အသင်းကြီးကို ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေ မျှော်လင့်အားကိုးခဲ့ရတဲ့ ကစားသမားတယောက်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်မလား စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က