ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဥ်တွေရဲ့ ပထမညမှာတော့ စပါးပွဲကလွဲလို့ ထွေထွေထူးထူး စောင့်ကြည့်စရာပွဲမရှိခဲ့ပါဘူး။ အက်သလက်တီကိုကလည်း အစောပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ယူရိုပါလိဂ်နဲ့ပါ လွဲသွားခဲ့ပါသေးတယ်။ ကျန်တဲ့ပွဲတွေကတော့ ပရိသတ်တွေအတွက် ဘာမှရင်ခုန်စရာမရှိခဲ့ပါဘူး။
လီဗာပူးက နာပိုလီကို အပြောင်းအလဲ အနည်းငယ်နဲ့ အိမ်ကွင်းမှာ ဧည့်ခံခဲ့ပြီး ဆာလာ၊ နူးနက်ဇ်တို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပေမယ့် နာပိုလီရဲ့နောက် အုပ်စု ဒုတိယနေရာနဲ့ပဲ နောက်တဆင့်တက်ခဲ့ပါတယ်။ ဒါဟာ နာပိုလီအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးသော ရှုံးပွဲဖြစ်ခဲ့ပါတယ်။ အေဂျက်စ်ကတော့ အဝေးကွင်းမှာ ဒီအုပ်စုရဲ့ အားအနည်းဆုံးပြိုင်ဘက် ရိန်းဂျားစ်ကို ထပ်မံအနိုင်ယူပြီး ယူရိုပါလိဂ်ကို ချီတက်သွားခဲ့ပါတယ်။
အဖြေထွက်ပြီးသားဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တို့အုပ်စုမှာလည်း ပရိသတ်တွေ မျှော်လင့်ပြီးသား ရလဒ်တွေပဲ ထွက်ပေါ်လာခဲ့ပါတယ်။ လီဝန်ဒေါစကီးကိုတောင် မခေါ်လာတဲ့ ဘာစီလိုနာက ဗစ်တိုးရီးယားပါလ်ဇန်ကို အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စုဗိုလ်ဖြစ်ပြီးသား ဘိုင်ယန်မြူးနစ်ကလည်း ပါဗက်၊ ချူပိုမိုတင်းတို့ရဲ့ဂိုးတွေနဲ့ အင်တာမီလန်ကို အနိုင်ရရှိခဲ့တာပါ။
မနေ့ညက ပရိသတ်တွေကို အဓိကဆွဲဆောင်ခဲ့တာက စပါး အုပ်စု တက်၊ မတက်ဆိုတာပါ။ စပါးတို့ မာဆေးလ်ကို အဝေးကွင်းမှာ သွားရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းမှာလည်း ရှုံးနိမ့်နေခဲ့ပါသေးတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်ကလည်း ပြိုင်ဘက်နဲ့ ခေါင်းယှဥ်တိုက်ရင်း ဒဏ်ရာရသွားလို့ စပါးအတွက် စိုးရိမ်စရာဖြစ်ခဲ့တာပါ။ ကွန်တီ ပွဲကြည့်စင်ပေါ်မှာသာ နေခဲ့ရတဲ့ ဒီပွဲမှာ စပါးရဲ့ ကစားပုံကလည်း စွဲမက်စရာမရှိခဲ့ပါဘူး။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ စပါးတို့ ချေပဂိုးရခဲ့ပြီး လန်းဂ်လတ်က ပြစ်ဒဏ်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ စပါးက သရေကျရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် နောက်ဆုံးမိနစ်မှာတော့ တန်ပြန်တိုက်စစ်ကတဆင့် ဟို့ချ်ဘာ့ချ်က အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် စပါးတို့ အုပ်စုပထမရရှိခဲ့ပြီး တဖက်က စပို့တင်းကိုနိုင်တဲ့ ဖရန့်ဖတ်ကတော့ အုပ်စု ဒုတိယ၊ စပို့တင်းက ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။