အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ အကုန်အကျခံပြီး ဆယ်စုနှစ်သုံးခုခန့် အချိန်ယူ ဖန်တီးခဲ့ကြပါတယ်

ကမ္ဘာ့အကြီးဆုံးနဲ့ အားအကောင်းဆုံး အာကာသ အဝေးကြည့်မှန်ပြောင်းကို ကမ္ဘာမြေပြင်မှ မိုင်တစ်သန်းနီးပါး (၉၃၂,၀၅၆ မိုင်) အကွာအဝေးရှိ အခြေစိုက်နေရာသို့ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

နည်းပညာအခက်အခဲတွေကြောင့် နှောင့်နှေးမှုတွေ ကြုံခဲ့ရပြီးနောက် အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ အာကာသ အဝေးကြည့်မှန်ပြောင်းကို ယနေ့ လွှတ်တင်လိုက်တာလည်း ဖြစ်ပါတယ်။ James Webb Space Telescope လို့ အမည်ပေးထားတဲ့ အာကာသ အဝေးကြည့်မှန်ပြောင်းကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ အကုန်အကျခံပြီး ဆယ်စုနှစ်သုံးခုခန့် အချိန်ယူ ဖန်တီးခဲ့ကြတယ်လို့ ဆိုပါတယ်။



အာကာသ အဝေးကြည့်မှန်ပြောင်းကို French Guiana ရှိ Kourou Space Centre ကနေ Ariane 5 ဒုံးပျံဖြင့် လွှတ်တင်မှာဖြစ်ပါတယ်။ လွှတ်တင်မှုကို ဒေသစံတော်ချိန် ယနေ့မနက် ၉ နာရီ ၂၀ မိနစ် နောက်ပိုင်းမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး အာကာသအတွင်း အဝေးကြည့်မှန်ပြောင်းထားရှိမယ့် ပတ်လမ်းကြောင်းနေရာသို့ ရောက်ရှိရန် တစ်လကြာမယ်လို့ သိရပါတယ်။

အဆိုပါ အာကာသ အ‌ဝေးကြည့်မှန်ပြောင်း အကူအညီဖြင့် နေအဖွဲ့အစည်းအပြင်ဘက်ရှိ ကမ္ဘာဂြိုဟ်ကဲ့သို့ ဂြိုဟ်တွေရဲ့ မူလဇစ်မြစ်ကို သိပ္ပံပညာရှင်တွေ ပိုမို နားလည်သိရှိနိုင်မယ်လို့ ဆိုပါတယ်။ ထင်ရှားကျော်ကြားတဲ့ Habble အာကာသ အဝေးကြည့်မှန်ပြောင်းရဲ့ ခြေလှမ်းကိုလိုက်ပြီး NASA ညွှန်ကြားရေးမှူး Webb က ယနေ့လွှတ်တင်မယ့် အဝေးကြည့်မှန်ပြောင်းကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

အာကာသ အ‌ဝေးကြည့်မှန်ပြောင်းအသစ်ရဲ့ အမည်ကိုလည်း ၎င်းရဲ့အမည် James Webb လို့ ပေးခဲ့ပါတယ်။ James Webb အာကာသ အ‌ဝေးကြည့်မှန်ပြောင်းကို ဖန်တီးရာမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ James Webb မှာ တပ်ဆင်ထားတဲ့ မှန်အရွယ်အစားက အချင်း ၂၁ ပေရှိပြီး Hubble မှာ တပ်ဆင်ထားတဲ့မှန်ရဲ့ သုံးဆပိုကြီးတဲ့ အရွယ်အစားဖြစ်ပါတယ်။

အာကာသ အဝေးကြည့်မှန်ပြောင်းကို လွှတ်တင်မှု ပထမအဆင့် အောင်မြင်ခြင်းရှိ မရှိကို လွှတ်တင်ပြီးနောက် ၂၇ မိနစ်ခန့်မှာ မြေပြင်ထိန်းချုပ်အဖွဲ့က သိရှိနိုင်လိမ့်မယ်လို့ Reuters သတင်းက ပြောပါတယ်။ James Webb အာကာသ အ‌ဝေးကြည့်မှန်ပြောင်းကို လာမယ်နှစ် ဇွန်လအတွင်း စတင်အသုံးပြုနိုင်မယ်လို့ NASA က ခန့်မှန်းထားပါတယ်။

Photo and Infographic: NASA, Reuters, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က