တစ်ကမ္ဘာလုံး chip ပြတ်လပ်မှုဟာ နောက် ၂ နှစ် ၃ နှစ်အထိ ကြာဖို့ ရှိတယ်လို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး TV နဲ့ အိမ်သုံးပစ္စည်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Hisense ဥက္ကဌက ပြောပါတယ်။
လက်ရှိမှာ လူသုံးကုန်လျှပ်စစ်ပစ္စည်းကုမ္ပဏီတွေကနေ ကားကုမ္ပဏီတွေအထိ semiconductor ပစ္စည်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ Hisense အနေနဲ့လည်း chip supply အဝင်ပြတ်မှုကို ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီရဲ့ ဥက္ကဌ ဂျီယာရှောင်ကွင်းက ပြောပါတယ်။ တရုတ်အစိုးရကျောထောက်နောက်ခံ TV နဲ့ အိမ်သုံးပစ္စည်းထုတ်လုပ်တဲ့ Hisense Group ဟာ ထုတ်ကုန်တွေအတွက် ထုတ်လုပ်ရေးစရိတ်မြင့်တက်တာကို ကြုံနေပေမယ့် စီးပွားရေးအခြေအနေက ပုံမှန်အတိုင်း ရှိနေတယ်လို့လည်း ဆိုပါတယ်။
Photo: CNBC
"Hisense က အိမ်သုံးပစ္စည်းတွေနဲ့ လူသုံးကုန်တွေ ထုတ်ပါတယ်။ ဒါတွေအတွက် ရိုးရှင်းတဲ့ chips တွေ အတော်လေး လိုပါတယ်။ supply အဝင်ကျပ်ပြီး ကုန်ကျစရိတ်တွေ မြင့်နေပေမယ့် ကျွန်တော်တို့ စီးပွားရေးက ပုံမှန်အတိုင်း ရှိနေပါတယ်။"လို့ ရှောင်ကွင်းက ပြောပါတယ်။
Hisense အနေနဲ့ chip အများစုကို တရုတ်နိုင်ငံအတွင်း တင်သွင်းပြီး ကုန်ချောထုတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတထရမ့်လက်ထက် တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲပြဿနာမှာ Semiconductors တွေဟာ နှစ်နိုင်ငံအကြား တင်းမာမှုရဲ့ဆုံမှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Chipmaker တစ်ခုဖြစ်တဲ့ SMIC ကို နိုင်ငံရဲ့နည်းပညာသုံးစွဲမှုကနေ ပိတ်ပင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဖြစ်ပြီးနောက် တစ်ကမ္ဘာလုံး Lockdown ပိတ်ထားချိန်မှာ လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်း ဝယ်လိုအား တိုးလာမှုကလည်း chip ပြတ်လပ်မှုကို ဦးတည်လာစေခဲ့တယ်လို့ ဆိုတာပါ။ တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုကြောင့် တချို့ကုမ္ပဏီတွေဟာ ပစ္စည်းအစိတ်အပိုင်းကို ကြိုဝယ်လှောင်မှုတွေ ရှိခဲ့ပါတယ်။
"ကမ္ဘာ့ကုန်သွယ်ရေးပဋိပက္ခကြီးကြီးမားမား မရှိရင် Chip ပြတ်လပ်မှုက နှစ်နှစ် သုံးနှစ်အတွင်း ပြေလည်သွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကုန်သွယ်ရေးနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရှိနေဦးမယ်ဆိုရင်တော့ ခန့်မှန်းရ တကယ်ခက်သွားပါတယ်။" လို့ ဂျီယာက ပြောပါတယ်။ ကမ္ဘာတလွှားက ထင်ရှားတဲ့အမှုဆောင်အရာရှိတွေကတော့ chip ပစ္စည်းပြတ်မှုဟာ ၂၀၂၂ အထိ ကြာနိုင်တယ်လို့ ခန့်မှန်းပြီး တချို့က ဒီထက်ပိုကြာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
Photo: CNBC
ကမ္ဘာ့ chip ဈေးကွက်ပစ္စည်းပြတ်မှုကြောင့် game console လိုမျိူး ထုတ်ကုန်သစ် ထုတ်လုပ်မှု ပြတ်တောက်လာပြီး ဝယ်လိုအားနဲ့ အလျင်မီအောင် ထုတ်ဖို့ အခက်တွေ့လာမယ်လို့ ဆိုပါတယ်။ chip ပစ္စည်းပြတ်တာကြောင့် စမတ်ဖုန်းထုတ်လုပ်မှုပိုင်းမှာလည်း ထိခိုက်မှုရှိနေပါတယ်။ Canalys ရဲ့ ဈေးကွက်လေ့လာမှုအရ ၂၀၂၁ တတိယသုံးလပတ်အတွင်း စမတ်ဖုန်းတင်ပို့မှုဟာ နှစ်အလိုက် ၆% အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ဖုန်းတင်ပို့မှု ကျသွားရတဲ့ အဓိကအချက်ဟာ ဖုန်းပစ္စည်းအစိတ်အပိုင်းတွေ လိုသလောက် မှာမရတာကြောင့် ဖြစ်တယ်လို့လည်း လေ့လာမှုက ဖော်ပြပါတယ်။ ၂၀၂၁ Q3 မှာ Samsung ဟာ စမတ်ဖုန်းတင်ပို့မှု ဈေးကွက်ရဲ့ ၂၃% ၊ Apple နဲ့ Xiaomi က ၁၅% နဲ့ ၁၄% စီ ရှိထားတယ်လို့လည်း Canalys က ဆိုပါတယ်။
Share