ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင် ပြင်သစ်ရဲ့ နည်းပြ အွန်နရီက အာဂျင်တီးနားကို အနိုင်ရခဲ့တဲ့ အိုလံပစ်ကွာတားဖိုင်နယ်ပွဲက ဖြစ်ရပ်တွေအကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်က မာတေတာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အဲ့ဒီပွဲအပြီးမှာ အရင်ကတည်းက အကြိတ်အခဲတွေဖြစ်ခဲ့တဲ့ နှစ်သင်းကြား ရန်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ လူအယောက် (၃၀) လောက် ပါဝင်တဲ့ ရန်ပွဲကြီးဖြစ်ခဲ့ပြီး ထိန်းမနိုင်၊ သိမ်းမရနဲ့ တော်တော်လေးကို ရုပ်ဆိုးအကျည်းတန်ခဲ့တာပါ။
အဆိုပါပွဲအပြီးမှာ အွန်နရီက “ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်လို့ ကျနော် သဘောမတူနိုင်ပါဘူး။ ဒီအတွက်လည်း ကျနော် တောင်းပန်ပါတယ်။ ကျနော် လိုချင်တာ ဒါမျိုး မဟုတ်ခဲ့သလို ကျနော်လည်း မထိန်းနိုင်ခဲ့ပါဘူး။ ကျနော့် ကစားသမားတစ်ယောက် အနီကတ်ထိတာကိုလည်း လက်မခံနိုင်ပါဘူး”
“ဒါမျိုးက မဖြစ်သင့်တဲ့ ကိစ္စပါ။ ကျနော် အာဂျင်တီးနားနည်းပြ မာရှေရာနိုနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ သွားနေချိန် နောက်ပြန်လှည့်ကြည့်လိုက်တော့ ရန်ပွဲကဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်ဟာ အိုလံပစ်ဆီမီးဖိုင်နယ်အဖြစ် ဒီနေ့ညမှာ အီဂျစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။