၂၀၂၃ နောက်ပိုင်းမှာ စမတ်ဖုန်းတွေအတွက် Satellite Connectivity ဆိုတာ အဆန်းဖြစ်တော့မှာ မဟုတ်ပါဘူး

ဂြိုလ်တုဆက်သွယ်ရေးနည်းပညာဟာ Apple နဲ့ Huawei ဖုန်းတွေနဲ့တင် ရပ်သွားမှာမဟုတ်ပါဘူး။ 



iPhone 14 သစ်တွေနဲ့အတူ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာပါတဲ့ အရေးပေါ် Feature တစ်ခုပါလာခဲ့တာက စမတ်ဖုန်းလောကအတွက် အသစ်လိုဖြစ်လာပါတယ်။ Satellite Connectivity လုပ်ဆောင်ချက်ကို စမတ်ဖုန်းတွေမှာ Huawei က ပထမဆုံးအသုံးပြုခဲ့တာ ဖြစ်ပြီး Apple ကလည်း iPhone 14 စီးရီးသစ်နဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုလာပါတယ်။ Samsung ကုမ္ပဏီကလည်း ခေတ်နဲ့အညီ Galaxy စမတ်ဖုန်းတွေမှာ Satellite Connectivity လုပ်ဆောင်ချက် ထည့်သွင်းဖို့ စီစဉ်နေတယ်ဆိုပြီး ဖုန်းသတင်းတွေ စောစောစီးစီး သတင်းပေးတတ်တဲ့ Ricciolo က ဆိုပါတယ်။ 

iPhone ရဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်က လာမယ့်နိုဝင်ဘာလအထိ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာပဲ အသုံးပြုနိုင်ဦးမှာ ဖြစ်သလို Huawei Mate 50 စီးရီးကလည်း နိုင်ငံတကာဈေးကွက်ထဲ မဝင်သေးပါဘူး။ iPhone ဂြိုလ်တုဆက်သွယ်ရေးကတော့ လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ တခြားနိုင်ငံတွေမှာ အသုံးပြုနိုင်အောင် ဖြန့်ကြက်တော့မှာပါ။ Apple ရဲ့ ဂြိုလ်တုကနေတစ်ဆင့် အရေးပေါ် SOS မက်ဆေ့ချ်ပို့နိုင်မယ့် နည်းပညာဟာ iPhone 14 ဝယ်သူတွေအတွက် နှစ်နှစ်အထိ Free ရမှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အခကြေးငွေနဲ့ ပိုက်ဆံပေးသုံးရဖို့လည်း ရှိပါတယ်။ 

ဂြိုလ်တုသုံးပြီး Emergency SOS စနစ်နဲ့ စာပို့တဲ့နည်းပညာဟာ ဆယ်လူလာ နဲ့ WiFi လိုင်းမမိတဲ့ နေရာမျိုးမှာ အရေးပေါ် အသုံးပြုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ iPhone နဲ့ ဂြိုလ်တုတစ်ခု ချိတ်ဆက်မိသွားတာနဲ့ WiFi နဲ့ ဆယ်လူလာလိုင်း မရှိလည်း အရေးပေါ်ဝန်ဆောင်မှုတွေ ခေါ်ဆိုနိုင်တော့မှာပါ။ ဂြိုလ်တုဆက်သွယ်ရေးစနစ်ဟာ Find My ကနေ တစ်ဆင့် မိသားစုနဲ့ မိတ်ဆွေတွေကို ကိုယ်ရှိနေတဲ့ တည်နေရာအကြောင်း Share လို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒီနည်းပညာဟာ ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ အချိန်ယူရတာ ဖြစ်လို့ ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ လိုင်းရှာနေတုန်းမှာပဲ iPhone အသုံးပြုသူကို ကြိုတင်စီစဉ်ထားတဲ့ မေးခွန်းတချို့‌ မေးသွားမှာပါ။ Apple ဟာ ဆက်သွယ်မှုကို ပိုမြန်ဆန်စေဖို့ စာသားမက်ဆေ့တွေကို သုံးဆပိုသေးစေမယ့် Compression Algorithm တစ်ခု ဖန်တီးထားပါတယ်။ Bandwidth ကလည်း ဆယ်လူလာကွန်ရက်တွေနဲ့ ယှဉ်ရင် အတော်ပဲ နိမ့်မှာပါ။ ဂြိုလ်တုဆက်သွယ်ရေးကို Crash Detection လို့ ခေါ်တဲ့ ယာဉ်တိုက်မှုကို အလိုအလျောက်သိနိုင်မယ့် နည်းပညာနဲ့လည်း တိုက်ရိုက် Default ပေါင်းစပ်ထားပါတယ်။ 

Apple ကတော့ စမတ်ဖုန်းတွေမှာ သုံးမယ့် ဂြိုလ်တုဆက်သွယ်ရေးပိုင်းကို အတော်လေးမျှော်လင့်ထားတာပါ။ ဒီနည်းပညာကို ဈေးကွက်တွေလည်း တိုးချဲ့သွားမှာ ဖြစ်သလို ဂြိုလ်တုဆက်သွယ်ရေးအခြေခံအဆောက်အဦပိုင်းကို မြှင့်တင်ဖို့အတွက်လည်း ဒေါ်လာသန်း ၄၅၀ သုံးစွဲသွားမယ်လို့ ကတိပြုထားပါတယ်။ လက်ရှိ Apple နဲ့ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာပိုင်းမှာ Globalstar ကုမ္ပဏီက ဂြိုလ်တုဝန်ဆောင်မှုပိုင်း ထိန်းသိမ်းမှုနဲ့ တိုးချဲ့ရေးဘက် တာဝန်ယူထားပါတယ်။ 


နာမည်ကျော် Starlink ဂြိုလ်တုကုမ္ပဏီ SpaceX သူဌေး အီလွန်မတ်စ်ကလည်း Apple အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံပြီး Starlink ဂြိုလ်တုဆက်သွယ်ရေးစနစ် အသုံးပြုဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးမှုကနေလည်း အလားအလာကောင်းပြီး ကတိကဝတ်တချို့ပါတဲ့ ဆွေးနွေးမှုတွေ ထွက်ခဲ့တယ်လို့လည်း အီလွန်မတ်စ်က ဆိုပါတယ်။ SpaceX ဟာ အမေရိကန် တယ်လီကွန်းကုမ္ပဏီ T-Mobile နဲ့လည်း လာမယ့်နှစ်ထဲမှာ T-Mobile ကွန်ရက်သုံး စမတ်ဖုန်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးဖို့ စီစဉ်နေပါတယ်။ 

လာမယ့်နှစ်ကစပြီး စမတ်ဖုန်းတွေမှာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာပါလာမယ်ဆိုရင် အံ့ဩစရာဖြစ်လာတော့မှာ မဟုတ်ပါဘူး။ 














Share

Loading Next Article...
က္က