နန့်တက်စ်ကို ၄-၀ နဲ့ အနိုင်ယူပြီး ဆုဖလားဆွတ်ခူးခဲ့ပါတယ်။

မနေ့ကကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲစဉ်မှာတော့ ပီအက်စ်ဂျီက နန့်တက်စ်ကို ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို မက်ဆီက သွင်းယူခဲ့ပြီး နေမာက နှစ်ဂိုး၊ ရာမို့စ်ကတစ်ဂိုးသွင်းယူကာ ပြိုင်ဘက်ကို ဂိုးပြတ်ချေမှုန်းပြီး ရာသီမတိုင်ခင်မှာပဲ ဆုဖလားတလုံးကို ဆွတ်ခူးနိုင်ခဲ့ကာ အဖွင့်လှသွားခဲ့ပြီး မက်ဆီက အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ 

နေမာက ဖရီးကစ်ကတဆင့် လှလှပပတဂိုးသွင်းခဲ့ပြီး သူ့ကြောင့်ရတဲ့ ပင်နယ်တီကနေပဲ နောက်တဂိုးသွင်းခဲ့တာပါ။ မက်ဆီကတော့ သူ့ ထုံးစံအတိုင်း ပြိုင်ဘက်တွေကိုမွှေနှောက်ပြီး ဂိုးသမားပါ လိမ်ခေါက်ကာ သွင်းယူခဲ့ပါတယ်။ အားလုံးထဲမှာတော့ ရာမို့စ်ရဲ့သွင်းဂိုးက ပြောစမှတ်တွင်စရာဖြစ်ခဲ့ရပြီး နောက်ပေါက်နဲ့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 



ပီအက်စ်ဂျီအသင်းဖော်ရဲ့ ပိတ်သွင်းယူမှုက ပြန်လျှံထွက်ခဲ့ရာမှာ ဧရိယာထဲထိ လိုက်ပါသွားခဲ့တဲ့ ရာမို့စ်က နောက်ပေါက်နဲ့လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ စပိန်နောက်ခံလူအတွက်တော့ ပီအက်စ်ဂျီကစားသမားဘ၀မှာ အရေးအပါဆုံးသွင်းဂိုးတဂိုးကို လှလှပပသွင်းယူပေးနိုင်ခဲ့ပြီး အသင်းဆုဖလားရယူနိုင်အောင်ပါ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးသွင်းယူနိုင်ခဲ့လို့လည်း ရာမို့စ်က သူ့ရဲ့ ကစားသမားဘ၀မှာ ၁၈ ရာသီဆက်တိုက် အသင်းအတွက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာကစားပေးခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း တောက်လျှောက်ပါဝင်နေခဲ့ကာ ပြင်သစ်စူပါဖလားပွဲမှာလည်း ပွဲထွက်ခွင့်ရခဲ့ပြီး အနိုင်ဂိုးတဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့လို့ အဓိကကစားသမားအဖြစ်နဲ့ ပြန်လည်ပွဲထွက်နိုင်ဖွယ်ရာရှိနေပြီဖြစ်ပါတယ်။ 

မက်ဆီကတော့ ဒီဆုဖလားကြောင့် ကမ္ဘာပေါ်မှာ ဆုဖလားအများဆုံးဆွတ်ခူးထားတဲ့ ဒန်နီအဲဗက်စ်ကို လိုက်မီဖို့ရာ ၁ လုံးပဲ လိုအပ်ပါတော့တယ်။ မက်ဆီက ၄၁ လုံးအထိ ရရှိခဲ့ပြီး အဲဗက်စ်က ၄၂ လုံးအထိ ဆွတ်ခူးထားတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က