အတ္တလန်တာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုက အတ္တလန်တာနဲ့ပွဲအပြီးမှာ သူ့ကစားသမားတွေအတွက် ထူးထူးခြားခြား အကြံဥာဏ်တခုကို အရွဲ့တိုက်ပြီး ပေးသွားခဲ့ပါတယ်။ အတ္တလန်တာနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ရိုးမားတို့ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မော်ရင်ဟိုလည်း အနီကတ်နဲ့ အထုတ်ခံရကာ ရုပ်ဆိုးအကျည်းတန်စရာပွဲတပွဲဖြစ်ခဲ့ရပါတယ်။



ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ရိုးမားရရှိသင့်တဲ့ ပင်နယ်တီကို ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုခဲ့တာကြောင့် မော်ရင်ဟိုက ကွင်းထဲအထိပြေးဝင်ပြီး ဒိုင်လူကြီးကို စောဒကတက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မော်ရင်ဟိုကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။ မော်ရင်ဟိုဟာ တော်တော်လေး ဒေါသပေါက်ကွဲနေပြီး ရိုးမားနည်းပြအဖွဲ့ဝင်တွေနဲ့ ပွဲကျင်းပရေးတာဝန်ရှိသူတွေက မနည်းထိန်းချုပ်ခဲ့ရပါတယ်။

ပွဲအပြီးမှာလည်း မော်ရင်ဟိုက “အဲ့ဒီဖြစ်ရပ်က ရှင်းလင်းတဲ့ ပင်နယ်တီပါ။ ပွဲပြီးတော့ ကျနော် ဒိုင်ကို မေးလိုက်ပါတယ်။ သူက ဇာနီယိုလို မလဲကျသွားလို့ပါတဲ့။ ဒီတော့ ကျနော့် ကစားသမားတွေအတွက် အကြံဥာဏ်ကို ကျနော် ပြောင်းပေးဖို့ လိုအပ်လာပါတယ်။ ကစားသမားတွေအနေနဲ့ ဒီလိဂ်မှာ ကစားမယ်ဆိုရင် လဲကျမသွားအောင်ပဲ ကြိုးစားမနေနဲ့။ ရေကူးကန်ရောက်နေသလို ဒိုင်ဗင်သာထိုးကြ၊ လူရွှင်တော်လိုမျိုးဆိုပြီးတော့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ ရိုးမားက ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် ချေပဂိုးတောင် မရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီအပေါ်မှာလည်း မော်ရင်ဟိုက “တော်တော်လေးဆိုးရွားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က လွယ်လွယ်ကူကူလေးနိုင်ရမယ့်ပွဲကို ရှုံးခဲ့တာပါ။ ကျနော်တို့ ကစားတဲ့ပုံကို ကြည့်လိုက်ပါ။ အခွင့်အရေးတွေလည်း အများကြီးရခဲ့ပြီး ဒီဘားလားသာ ကွင်းထဲရှိရင် ကွဲပြားခြားနားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီဘားလားဟာ ကြွက်သားဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ ရိုးမားဟာ အခုရှုံးပွဲကြောင့် စီးရီးအေ (၇) ပွဲ ကစားပြီးချိန်မှာ ရမှတ် (၁၃) မှတ်သာရရှိထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က