နာမည်ကျော် စားဖိုမှူး Salt Bae ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ကွင်းထဲဝင်ရောက်ပြီး အာဂျင်တီးနား ကစားသမားတွေနဲ့ အောင်ပွဲခံခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုချိန်မှာတော့ ဒီလိုမျိုး ဝေဖန်မှုတွေအပေါ် စိတ်ပျက်နေပြီး နောက်ဆိုရင် ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်တော့ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားက ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ကာတာကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ Salt Bae က သူနဲ့ သက်ဆိုင်ခြင်းမရှိဘဲ အခုလိုမျိုး ဝင်ရောက် အောင်ပွဲခံခဲ့တာပါ။ Salt Bae အနေနဲ့ မက်ဆီအပါအဝင် အာဂျင်တီးနား ကစားသမားတွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့သလို ဂိုးသမား ဖရန်ကိုအာမာနီရဲ့ ကမ္ဘာ့ဖလား ဆုတံဆိပ်ကို ကိုက်ကာ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားဆုဖလားကြီးကိုလည်း ကိုင်မြှောက်ခဲ့သေးတာကြောင့် သူ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့တာပါ။ တူရကီစားဖိုမှူး Salt Bae ကတော့ “ကျွန်တော် ဘာကြောင့် အဲ့ဒီကွင်းထဲ ရောက်နေလဲဆိုတဲ့ ယူဆချက်တွေအတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ ကမ္ဘာ့ဖလားကွင်းထဲကို ထပ်ဝင်တော့မှာ မဟုတ်ပါဘူး”
“ကမ္ဘာ့ဖလားပြိုင်ပွဲကိုကြည့်နေတာ ကမ္ဘာပေါ်က ပရိသတ်ပေါင်း (၂) ဘီလီယံပါ။ ဘယ်နှယောက်ကများ ကျွန်တော့်အကြောင်းကို ပြောကြလို့လဲ? လူ (၅) ဘီလီယံလား? တစ်ကမ္ဘာလုံးလား? ကျွန်တော် အဲ့ဒီကွင်းထဲကို ဝင်သွားတာ နာမည်ကြီးချင်လို့ မဟုတ်ပါဘူး။ အခုတော့ အဲ့ဒီလိုမျိုး ခံစားနေရပါတယ်။ ဒါက အတော်လေး အံ့အားသင့်စရာပါပဲ”
“အဲ့ဒီအချိန်မှာ လူတစ်ထောင်လောက်က ကွင်းထဲရှိနေတာပါ။ ဒါပေမယ့် လူတွေက ကျွန်တော့်ရဲ့ ဗီဒီယိုတွေကိုပါ အဓိကပြသခဲ့ကြပါတယ်။ ဘယ်အရာရဲ့ လွှမ်းမိုးမှုကိုမှ ကျွန်တော် မကြိုက်ခဲ့သလို လူတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း မလိုချင်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှလည်း မကန်ကျောက်ခဲ့သလို ဘာကိုမှလည်း မခိုးခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။