နယူးကာဆယ်ကို ဘင်ဆာလ်မန် ဝယ်ယူသွားတဲ့အပေါ် ကလော့ပ်က မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က နယူးကာဆယ်ကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ဝယ်ယူခဲ့တာနဲ့ပတ်သက်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ လီဗာပူးဟာ မနက်ဖြန် စနေညမှာ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။



ဒီပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က အခုလိုမျိုး နယူးကာဆယ်ရဲ့ အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကလော့ပ်က “ကျွန်တော်တို့ သိထားတဲ့အတိုင်း အခုကိစ္စမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဘောလုံးလောကအတွက် ဒါကရော ဘယ်လိုမျိုးအဓိပ္ပာယ်ဖြစ်လာမလဲ?”

“လွန်ခဲ့တဲ့ လအနည်းငယ်လောက်က အသင်း (၁၂) သင်းက စူပါလိဂ်ကိစ္စပြဿနာဖြစ်ပြီးပါပြီ။ အခု နယူးကာဆယ်ကို ဝယ်တာကလည်း စူပါအသင်းတစ်သင်းကို ဖန်တီးတဲ့ကိစ္စပါ။ လာမယ့်နှစ်အနည်းငယ်အတွက် သူတို့ကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာ မြင်ရမယ်ဆိုပြီး အာမခံချက်နဲ့ပေါ့”

“ဒါရှင်းလင်းပြတ်သားတဲ့ ကိစ္စဖြစ်ပြီး ခင်ဗျားတို့လည်း သိပါတယ်။ လာမယ့် (၅) နှစ်ကနေ (၆) နှစ်လောက်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းလိုက်မယ်ဆိုရင် အသင်းပိုင်ရှင်တွေဆီမှာ တကယ့်စူပါ,ပါဝါတွေရှိလာမှာပါ။ သူတို့အနေနဲ့ လိဂ်တစ်ခုလုံးကို ဝယ်နိုင်လောက်တဲ့အထိ ပိုက်ဆံရှိလာနိုင်ပြီး ဒီအပေါ်မှာလည်း သူတို့ ကျေနပ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


နယူးကာဆယ်ဟာ ပိုင်ရှင်သစ်လက်ထက်မှာ ငွေကြေးအင်အားအများအပြား အသုံးပြုပြီး ကစားသမားသစ်တွေကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒီအပေါ်မှာလည်း ကလော့ပ်က “ဘဏ္ဍာရေးစည်းမျဥ်းကို ဘယ်လိုမျိုး အသုံးချနေလဲဆိုတာ ဒီနေ့ ဘယ်သူမှမသိနိုင်ပါဘူး။ အဲ့ဒီစည်းကမ်းက ရှိရောရှိသေးရဲ့လား?”

“နယူးကာဆယ်ပရိသတ်တွေကတော့ သဘောကျမှာပါ။ ကျန်တဲ့ ကျွန်တော်တို့တွေအတွက်ကတော့ နယူးကာဆယ်ကို “နယူးစူပါပါဝါ” (ပါဝါအသစ်ကို ရည်ရွယ်သည်) နဲ့ မြင်ရမှာပါ။ ငွေကြေးက အရာအားလုံးကို မဝယ်နိုင်ပါဘူး။ အချိန်ယူရပါလိမ့်မယ်”


“သူတို့ဆီမှာ ဆုံးဖြတ်ချက်အမှားတွေကို ကျူးလွန်ဖို့ ငွေကြေးအလုံအလောက်ရှိတယ်လေ။ အဲ့ဒီနောက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီး သူတို့လိုချင်တဲ့နေရာကို သွားရမှာပေါ့။ အခုဆို နိုင်ငံပိုင် အသင်း (၃) သင်းတောင်ရှိလာပြီလေ။ (ရှေ့နှစ်သင်းက မန်စီးတီးနဲ့ PSG ကိုရည်ရွယ်သည်) ကျွန်တော်တို့ ဒါနဲ့ အသားကျဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၂) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာက ချဲလ်ဆီးကို ဖိအားပေးနိုင်ဖို့အတွက် ဒီပွဲမှာမဖြစ်မနေ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ 

Share

က္က